ကလေးမှာ လက်နက်ကြီးထိလို့ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

ကလေးမှာ လက်နက်ကြီးထိလို့ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ အရှေ့စံသာကျေးရွာထဲကို စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ မိသားစုတစုထိမှန်ခဲ့ပြီး အဲ့ဒီထဲက ၅ နှစ်အရွယ် ကလေးတဦးကတော့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။ 

ဇွန်လ ၂၁ ရက် မနေ့ည ၉ နာရီခွဲမှာ ကလေးမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ၃ လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီးတလုံးက စံသာရွာထဲက နေအိမ်တခုပေါ် ကျရောက်ခဲ့တာကြောင့် အထက်ပါမိသားစုကို ထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

“မိသားစုတစုလုံး ထိခိုက်ခဲ့တာ၊ ယောက်ျားလေးတယောက် ဦးခေါင်းကြေမွ သေဆုံးတယ်၊ သေဆုံးက‌လေးရဲ့ မိခင်ဖြစ်သူလည်း ခြေတဖက်ဖြတ်ရတယ်၊ မောင်နှမတွေလည်း ဒဏ်ရာပြင်းတယ်"လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့အိမ်က အငယ်ဆုံးကလေးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် ယောက်ျား‌လေး တဦးကတော့ ဦးခေါင်းတခုလုံးကြွေမွဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိသားစုဝင်တွေဖြစ်တဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦးက ဦးခေါင်းကို လက်နက်ကြီးစထိမှန်ခဲ့ပြီး၊ အသက် ၅၀ အရွယ် အမေဖြစ်သူ ဟာလည်း ခြေထောက်တဖက် ဖြတ်လိုက်ရကာ ဒဏ်ရာတွေက  စိုးရိမ်ရလို့ အရေးပေါ် ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ ဇွန်လ ၂၀ ရက် မနက် ၉ နာရီလောက်ကလည်း ကလေးမြို့ လက်နက်ကြီးတပ်ရင်း ၃၆၅ နဲ့ ခလရ ၂၂၈ တပ်ကနေ ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ၅ လုံးပစ်ခတ်ခဲ့ရာမှာ သာစည်ကျေးရွာထဲကို တလုံးကျရောက် ပေါက်ကွဲတာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးစထိမှန်ပြီး ဇွန် ၁၆ ရက်မှာ သာစည်ရွာက ကလေးငယ်တဦး၊ ဇွန် ၁၈ ရက်မှာ ထိုမာရွာက အမျိုးသားတဦး သေဆုံးခဲ့ရပြီး၊ ၆ ရက်အတွင်း ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - လက်နက်ကြီ ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်နှင့်အသုံးအဆောင်အချို့။

 

စာတည်း - လင်း

 

#မြေလတ်အသံ 

#စစ်ကိုင်း #ကလေး # အရှေ့စံသာကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ကလေးသူငယ် #ထိမှန်သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10