ကလေးဝမြို့ရှိ ပျူစောထီးစခန်းကနေ တပ်သားတဦး သေနတ်နဲ့အတူ အလင်းဝင်

ကလေးဝမြို့ရှိ ပျူစောထီးစခန်းကနေ တပ်သားတဦး သေနတ်နဲ့အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကနေ အသက် ၂၀ ဝန်းကျင် စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့  မြို့နယ်ပကဖဆီက သိရပါတယ်။

ဇန်နဝါရီ ၇ ရက်က ကလေးဝမြို့နယ်ပကဖနဲ့ ကလေးဝ PDF တပ်ရင်း ၉ ပူးပေါင်းအဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်ပြီး လက်နက်ခဲယမ်းပါလာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဘက်က သိန်း ၁၀၀ ပြန်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်သားဟာ  MA 2 စက်ကလေး မောင်းပြန်သေနတ် ၁ လက်၊ ကျည်ဘောက် ၈ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ စကားပြောစက် ၁ လုံးနှင့် ကျည်ဆံများကို ယူဆောင်ကာ အလင်းဝင်လာတာဖြစ်ပြီး သူ့ရဲ့နာမည်နဲ့ ကိုယ်ရေးအချက်အလက်ကတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

“အလင်းဝင်လာတဲ့ တပ်သားတွေကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အလင်းမဝင်ရသေးသူတွေ အတွက်တော့ စစ်ပွဲတခုမှာ တချို့ကိစ္စတွေက နောက်ကျရင် မကောင်းဘူး။ စိတ်မကောင်းစရာတွေ ဖြစ်တတ်တယ်။” လို့ ကလေးဝမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ဆင်အိုင်မရွာ ပျူစောထီးစခန်းဟာ ကလေးဝမြို့နယ်မှာ တခုတည်းရှိတဲ့ ပျူစောထီးစခန်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ခန့်နဲ့ ရွာခံပျူစောထီး ၅၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

ကလေးဝမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လက်နက်ခဲယမ်းနဲ့တကွ ထပ်မံအလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေကိုလည်း ကြိုဆိုနေပြီး ထောက်ပံ့ဖို့တွေ စီစဉ်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးဝမြို့ #ဆင်အိုင်မကျေးရွာ #ပျူစောထီးစခန်း #စစ်ကောင်စီ #လက်နက် #အလင်းဝင် #ပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10