သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေကို အခန်းခတွေတောင်းပြီး မပေးနိုင်ရင် အကျဉ်းသားအချင်းချင်း ခွဲခြားအုပ်ချုပ်သလို အလုပ်တွေပါပိုခိုင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM ဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစတစနဲ့ အခန်းခတွေတောင်းလာခဲ့ရာကနေ အခုနှစ် ၂၀၂၄ မှာ ပေါ်ပေါ်ထင်ထင်တောင်းလာတာဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတွေအပြင် ရာဇဝတ်အကျဉ်းသားတွေကိုပါ အားလုံးကို အနည်းဆုံး ၂ သောင်းကနေ ၃ သိန်းအထိရှိတယ်လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“အခန်းခအပြင် ထောင်ထဲမှာတော့ လက်ရှိမှာ မိမိရဲ့ ထောင်တံခါးကို ခတ်မဲ့သော့ကအစ ဝယ်ယူနေရတာ ဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထောင်အာဏာပိုင်တွေက ငွေကြေးပေးနိုင်တဲ့သူတွေကို ထောင်ထဲမှာ သက်သာချောင်ချိစွာ နေနိုင်အောင် ဖန်တီးပေးထားပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာ၊ ပြတင်းပေါက်ရဲ့ နီးတဲ့နေရာ၊ ဘုရားခန်းနဲ့ နီးတဲ့နေရာ စတဲ့နေရာတွေမှာ နေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။
မပေးနိုင်ရင်တော့ လူဝင်လူထွက်များတဲ့နေရာ၊ အိမ်သာနဲ့နီးတဲ့နေရာ စတဲ့နေရာတွေမှာ နေထိုင်ကြရပြီး အလုပ်ကြမ်းတွေကို ဖိခိုင်းတယ်လို့ဆိုပါတယ်။
" ထင်းပေါက်ခိုင်းတာမျိုး၊ အလုပ်ကြမ်းတွေ ပင်ပန်းတဲ့အလုပ်တွေကို ခိုင်းတာမျိုးတွေကိုလည်း နိုင်ငံရေးအကျဉ်းသားရော၊ အခြားရာဇဝတ်အကျဉ်းသားရော ငွေကြေးမပေးနိုင်တဲ့သူကတော့ အကုန်လုပ်ရတယ်ပေါ့နော်။ ပေးနိုင်တဲ့သူတွေကတော့ အခြားရာဇဝတ်အကျဉ်းသားဖြစ်ရင်တောင်မှ အလုပ်မလုပ်ရဘဲနဲ့ အကျဉ်းထောင်ထဲမှာ အေးဆေးသာယာစွာ အနားယူလို့ရတဲ့ နေရာလေးဖြစ်အောင် ထောင်အာဏာပိုင်တွေက ဖန်တီးထားပေးတယ်။" လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထောင်အပြင်မှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်မှု၊ ကုန်ဈေးနှုန်းကြီးမှုတွေကြောင့် ၁ လ ၁ ကြိမ်ကနေ ၃ လ ၁ ကြိမ်ပါဆယ်ပို့ဖို့ကို ကြိုးစားရုန်းကန်နေရချိန်မှာ အခုလို မတရားသဖြင့်ကောက်ခံနေတာဟာ ထောင်ထဲသူတွေအပြင် မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းမှုတွေဖြစ်ဖို့ ပြုလုပ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အခန်းခအပါအဝင် ထောင်တွင်းမှာ ငွေကြေးကောက်ခံနေတာတွေဟာ လုံးဝတရားမဝင်တဲ့ကိစ္စဖြစ်ပြီး လုံးဝမလုပ်သင့်တဲ့ကိစ္စလို့လည်း ကိုသိုက်ထွန်းဦးက ပြောထားပါတယ်။
သတင်း - မြတ်သော်တာ၊ စာတည်း - JCG
#မြေလတ်အသံ
#ကလေး #အကျဉ်းထောင် #လာဘ်စား #ငွေတောင်း
Share Share Share