ကလေး ၄ ဦးအပါ ၇ ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ ချောင်းဦးရပ်/ကျေးပကဖ တာဝန်ခံ အချုပ်မှ ထွက်ပြေး

ကလေး ၄ ဦးအပါ ၇ ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ ချောင်းဦးရပ်/ကျေးပကဖ တာဝန်ခံ အချုပ်မှ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာမှာ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၇ ဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ ရပ်/ကျေး ပကဖတာဝန်ခံ ရန်မျိုးအောင် (ခ) နိုင်မျိုးဇော် (ခ) ပြူးကြီးဟာ ဇူလိုင် ၁၈ ရက်က အချုပ်က နေထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ချောင်းဦး PDFနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူတွေကတော့ ကျေးရွာတရွာရဲ့ပကဖတာဝန်ခံ ရန်မျိုးအောင်၊ သူ့လက်အောက်က ရဲဘော် ဇော်ဝင်းနိုင်၊ သူရ၊ နောင်နောင် ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို NUG လက်အောက်ခံ ချောင်းဦးမြို့နယ်ပလဖအချုပ် ထဲမှာ ချုပ်နှောင်ထားတာဖြစ်ပြီး အဲဒီထဲကနေ ရန်မျိုးအောင်တဦးတည်းသာ ထွက်ပြေးလွှတ်မြောက်သွားတာ လို့ဆိုပါ တယ်။

"ရန်မျိုးအောင် တယောက်သာ ထွက်ပြေးလွတ်မြောက်သွားတာ။ ဒီနေ့အချိန်ထိ လွတ်မြောက် နေဆဲပါ။ ပလဖအဖွဲ့ကတော့ သူ့ကိုဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့သိရတယ်။ အခုလွတ်သွားတဲ့ သူက အဲဒီအမှုမှာ အဓိက တာဝန်ရှိသူပါ" လို့ ချောင်းဦးPDFနဲ့နီးစပ်တဲ့ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ပြစ်မှူကျုးလွန်သူ ၄ဦးကို မြို့နယ်ပလဖအချုပ်ထဲ ချုပ်နှောင်ထားတာ ၁ နှစ် နီးပါးကြာနေပြီဖြစ်ပေမယ့် ရဲစစ်ချက်တကြိမ်သာယူခဲ့ကာ ရုံးချိန်းတွေ တကြိမ်တခါမှ ခေါ်ယူပြုလုပ်တာ မရှိသေးပါဘူး။

အထက်ပါသတင်းဖြစ်စဉ်ကို မြေလတ်အသံသတင်းဌာနက ဖော်ထုတ် မရေးသားခင်အချိန်အထိ ပြစ်မှုကျူးလွန် ထားသူတွေကို ဖမ်းဆီးထားတယ်ဆိုပေမယ့် ပလဖအနေနဲ့ သူတို့ကို သာမန်တပ်ဖွဲ့ဝင်တွေလို သေနတ်ကိုင်ခိုင်း တာ၊ ကင်းစောင့်ခိုင်းတာ၊ လွတ်လွတ်လပ်လပ် သွားလာနေတာတွေကို ခွင့်ပြုထားခဲ့ပါသေးတယ်။ 

ဒီအမှုကို သတင်းမိဒီယာတွေမှာ ဖော်ပြပါရှိခဲ့တဲ့နောက်ပိုင်း ပြစ်မှုကျူးလွန်သူတွေကို အချုပ်တွင် ဖမ်းဆီးထား ရာမှ ခေါင်းဆောင်သူ တဦးက အခုလို ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပါတယ်။ 

"မီဒီယာမှာ သတင်းမတင်ခင်တုန်းက ဆိုရင် ဒီလေးယောက်က သေနတ်တွေကိုင် ပြီးတော့ ကားနဲ့သွားလိုက်၊ ဆိုင်ကယ်နဲ့သွားလိုက် ပတ်သွားနေကြတာ၊အေးဆေးပဲ။ သတင်းတင်ပြီးနောက်ပိုင်းမှ ဒီလေးယောက်ကို ရဲစစ်ချက်ယူပြီးတော့ ချုပ်ထားတာဗျ"လို့ ချောင်းဦးPDFနဲ့နီးစပ်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။

အသတ်ခံရသူ ၇ ဦးဟာ ၂၀၂၂ ၊ သြဂုတ်လ ၂၉ ရက်မှာ ချောင်းဦးမြို့နယ်အတွင်း အခင်းဖြစ်ပွားတဲ့ကျေးရွာ နေအိမ်တွေကနေ လယ်ယာသုံးပစ္စည်းတွေကို ခိုးယူနေတယ်ဟုဆိုကာ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ရပ်/ကျေးပကဖတွေဆီကို အပ်နှံလိုက်ရာက သြဂုတ် ၃၀ရက်နေ့မှာ အခုလို သတ်ဖြတ်မှုတွေ ကျုးလွန်းခဲ့တာဖြစ်လို့ သိရပါတယ်။

အသတ်ခံရသူ ၇ ဦးကတော့ စစ်ကိုင်းမြို့နယ်၊ ပဲကုတိုးကျေးရွာက မမြင့်မိုရ်အေး ၁၅ နှစ်၊ မဖြူချစ် ၁၇ နှစ်၊ မစန်းစန်းငယ် ၁၉ နှစ်၊ မဇင်ဇင်မော် ၂၀ နှစ်၊ မောင်အောင်ကိုစန်း ၁၅ နှစ်၊ မောင်သက်ပိုင်ဦး ၁၆ နှစ်နဲ့ ကရင် ၂၆ နှစ်တို့ဖြစ်ကြပါတယ်။

ပုံစာ - အဓ္ဓမပြုကျင့်ကာ သတ်ဖြတ်မြေမြှုပ်ခံထားရသူများ၏ အလောင်းကို ပြန်ဖော်နေစဥ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #ကလေး #အမျိုးသမီး #အဓမ္မပြုကျင့် #NUG #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10