ကဝမြို့နယ်တွင် နတ်ကနားပွဲရောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ကဝမြို့နယ်တွင် နတ်ကနားပွဲရောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာ ရွာတော်ရှင် နတ်ကနားပွဲမှာ လုံခြုံရေးယူနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ကဝမြို့နယ် Kawa People’s Defence - KPDF(ကဝ ပကဖ)ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ည ၁၀ နာရီကျော်ခန့်က ကျေးရွာနတ်ကနားပွဲမှာ လုံခြုံရေးစောင့်နေတဲ့ အုပ်ချုပ်ရေးမှူး ဘိုမြင့် အသက် ၄၅ နှစ်ခန့်အား အနီးကပ်သေနတ်နဲ့  ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူက စကစ ထောက်တိုင်အကြီးစား။ စကစခန့်အုပ်ကြီးပါ။ လူထုကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေသူဖြစ်လို့ စစ်ရေးပစ်မှတ်အနေနဲ့ ရှင်းလင်းရတာပါ။ "လို့ ကဝမြို့နယ် ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ဘိုမြင့်မှာ ဦးခေါင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရလို့ သူလက်အောက်ပျူစောထီးအဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်မှုတွေရှိပေမယ့် အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဦးဘိုမြင့်မှာ စစ်ကောင်စီ‌ရဲ့ အကြီးစားထောက်တိုင် အုပ်ချုပ်ရေးမှူး ဖြစ်ရုံသာမက ပျူစောထီးသင်တန်းတက်ရောက်ပြီး သေနတ်ထုတ်ယူထားကာ ပျူစောထီးခေါင်းဆောင်အဖြစ် ပြည်သူလူထုကို နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခပေးနေသူဖြစ်တယ်လို့ ကဝမြို့နယ် ပကဖအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဟာ သူရဲ့နောက်လိုက် ပျူစောထီးနဲ့ အနီးအနားရှိရွာများမှ ပျူစောထီးများ၊ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနဲ့  ပူးပေါင်းကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချတာ၊ ဖမ်းဆီးငွေညှစ်တာ၊ သေနတ်တကားကားနဲ့ ခြိမ်းခြောက် စော်ကားတာ၊ ဆက်ကြေးကောက်ယူတာ၊ အပြစ်မဲ့ ပြည်သူနေအိမ်တွေကို ချိပ်ပိတ်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိမ်တွင် ခေါ်ယူ၍ စခန်းချတာ၊ သေနတ်ပစ်ဖောက်ကင်းလှည့်တာ၊ လူငယ် လူရွယ်များကို အတင်းအဓမ္မစုဆောင်းပြီး ပျူစောထီးသင်တန်းတက်စေတာ စတဲ့လုပ်ရပ်တွေကို လုပ်ကိုင်နေသူလို့ဆိုပါတယ်။

ယခုစစ်ဆင်ရေးကိုတော့ သပြေညိုစစ်ဆင်ရေး အမှတ် ၂ အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအမှတ် ၁ အနေနဲ့ ဒီဇင်ဘာ ၁၆ ရက်က အုန်းနှဲရဲစခန်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ရဲ ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - အုပ်ချုပ်ရေးမှူးကိုဘိုမြင့်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကဝမြို့နယ် #သရက်ကုန်းကျေးရွာ #နတ်ကနားပွဲ #လုံခြုံရေးယူ #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #ရှင်းလင်း #မြေလတ်သတင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10