ကသာခရိုင်ရဲမှူးနေအိမ်နဲ့ မြို့အဝင်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ စစ်ကိုင်းက စစ်ကြောင်းလည်း မိုင်းဆွဲခံရ

ကသာခရိုင်ရဲမှူးနေအိမ်နဲ့ မြို့အဝင်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ စစ်ကိုင်းက စစ်ကြောင်းလည်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်နဲ့ ကသာမြို့အဝင်ဂိတ်ကို  ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၁၈ နဲ့ ၁၉ ရက်တွေမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ PDF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ကသာမြို့အဝင်ဂိတ်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့သလို သြဂုတ်လ ၁၉ ရက် မနက် ၆ နာရီကျော်မှာ ကသာမြို့၊ လျှပ်စစ်ကုန်း ရပ်ကွက်မှာရှိတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်ကိုလည်း KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရဲမှူးအိမ်မှာက ရှေ့မှာဘန်ကာတွေနဲ့ အစောင့်တွေရှိတယ်။ သစ်ပင်ကြီးတပင်လည်းရှိတယ်။ ဗုံးသီးက သစ်ပင်ပေါ်ပြုတ်ကျသွားတာဖြစ်လို့ ထိခိုက်မှုမရှိခဲ့ဘူး။ မြို့ဝင်ဂိတ်မှာတော့ စကစ ၂ ယောက်သေတယ်။ ဗုံးချတဲ့အချိန် ဂိတ်ကိုဖြတ်သွားလာတဲ့ ပြည်သူ ၂ ယောက်ထဲက ဗုံးစတွေ ထိပြီးတော့ ၁ ယောက်သေတယ်။ နောက်တယောက်ကတော့ စကစ ပြန်ပစ်တဲ့ကျည်ထိလို့ ဒဏ်ရာရတာ"လို့ ကသာ PDF နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။ 

မြို့အဝင် ဂိတ်တိုက်ခိုက်ခံရချိန် ဂိတ်ကိုဖြတ်သန်းခဲ့တဲ့ ကသာမြို့၊ အမှတ် ၉ ရပ်ကွက်နေထိုင်သူ ကိုဖိုးသား ၂၃ နှစ် သေဆုံးခဲ့ပြီး ဦးဖိုးချို ၃၉ နှစ် မှာ ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့  ၂ ဦးဟာ ဆွေမျိုးနီးစပ်တော်သူတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 ဒါ့အပြင် ဩဂုတ်လ ၂၀ ရက် နေ့လယ် ၂ နာရီခန့်မှာ စစ်ကိုင်းမြို့နယ်၊ အင်းစရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ People's Army Fight Dictatorship က ထုတ်ပြန်ထားပါတယ်။ 

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲစဉ်မှာ စစ်ကြောင်းနဲ့ပါလာတဲ့ ဂျန်ဘာစက်တွေကြောင့် ထောင်ထားတဲ့ မိုင်းတွေမကွဲဘဲ ရဲဘော်တဦးက လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ရာမှာ မိုင်းအားလုံးပေါက်ကွဲပြီး စစ်သားတွေ မိုင်းထိမှန်တာလို့ အဖွဲ့တာ၀န်ရှိသူက ဆိုပါတယ်။

"သူတို့(စကစ)တွေမှာ ပါလာတဲ့ ဂျန်ဘာစက် အင်တာနက်လိုင်းဖြတ်တဲ့ စက်မျိုးပေါ့၊ အဲဒါကြောင့် ထောင်ထားတဲ့ မိုင်းတွေက မကွဲဘူး။ ရဲဘော်တယောက်ကနေပြီး လက်လုပ်မိုင်းနဲ့ ပစ်ထည့်လိုက်မှ အကုန်ထကွဲပြီး စစ်သား ၅‌ ယောက် လဲကျသွားတာကို မြင်ရတယ်" လို့ PAFD အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့တာ၀န်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက္ကားကျေးရွာကနေ စတင် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ပျူစောထီးတွေစိုးမိုးထားတဲ့ ကြွယ်ပုံရွာမှာ ခေတ္တနားပြီးတဲ့နောက် အင်းစရွာကို ဆက်လက်စစ်ကြောင်းထိုးလာတာဖြစ်ကာ လက်ရှိမှာ တလိုင်းကျွန်းကျေးရွာနဲ့ ညောင်ပင်ရှည်ရွာတွေကို စစ်ကြောင်းထိုး ၀င်ရောက်နတယ်လို့ သိရပါတယ်။

စာတည်း -  ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #ခရိုင်ရဲမှူး #နေအိမ် #မြို့အဝင်ဂိတ် #ဒရုန်းဗုံး #မိုင်းဆွဲတိုက်ခိုက် #PDF #PAFD #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10