ကသာခရိုင်အတွင်း လျှပ်စစ်မီးပြတ်တောက်သွားတဲ့အတွက် ဒေသခံတွေအခက်တွေ့နေ

ကသာခရိုင်အတွင်း လျှပ်စစ်မီးပြတ်တောက်သွားတဲ့အတွက် ဒေသခံတွေအခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ကို လျှပ်စစ်မီးပေးနေတဲ့ ဓာတ်အားလိုင်းအား တော်လှန်ရေးအင်အားစုတွေဘက်က ဖြတ်တောက်လိုက်တာကြောင့် ကသာခရိုင်ထဲက မြို့နယ်နဲ့ ကျေးရွာတွေမှာ ၂၄ နာရီ မီးပြတ်တောက်ပြီး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်မှာ ရွှေဘို-နဘား ဓာတ်အားလိုင်းကို ဖြတ်တောက်လိုက်တာဖြစ်ပြီး ကသာခရိုင်မှာ အဲဒီနေ့ ညနေ ၄ နာရီကစလို့ လျှပ်စစ်မီး ပြတ်တောက်သွားကာ ဒီကနေ့ထိ ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“၂၄ နာရီ မီးဖြတ်လိုက်တာ တအားခက်ခဲတယ်။ စားဝတ်နေရေးကအစ ကသီတယ်။ စစ်ကောင်စီက ဖြတ်လို့ ပြတ်တယ်ဆိုရင် သူတို့က နဂိုထဲကမှ ပြည်သူကို စေတနာမရှိတာမို့ အမတို့က ခံသာပါတယ်။ ခုက တော်လှန်ရေး အင်အားစုက ဘာလို့ဖြတ်တာလဲ၊ နားကို မလည်နိုင်ဘူး။” လို့ ကသာဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီက ရွှေဘိုလေ့ကျင့်ရေး ၈ ဘက်က ဓာတ်အားလိုင်းကိုဖြတ်တောက်ထားတာကြောင့် တန့်ဆည် မြို့နယ်ဟာ ၂၀၂၃ နှစ်ဆန်းပိုင်းလောက်ကစတင်ကာ ၂၄ နာရီမီးပြတ်နေခြင်းဖြစ်ပြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်း မြို့နယ်တွေဟာ ၂၄ နာရီ မီးပြတ်တောက်မှုဖြစ်နေတာဟာ လပိုင်းအတွင်းသာရှိသေးတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလလယ်လောက်က ခင်ဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ NUG ရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက လျှပ်စစ်မီးရရှိခြင်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး တပတ်အကြာမှာတော့ ခင်ဦးတမြို့နယ်လုံး ၂၄ နာရီ မီးလုံးဝ ပြတ်တောက်သွားတာဖြစ်တယ်လို့ ခင်ဦးဒေသခံ အမျိုးသားတဦးဆီက သိရပါတယ်။

စစ်ကောင်စီက အဆိုပါ မြို့နယ် ၆ ခုကို  ၂၄ နာရီ လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ရေးမစ်ရှင်တခုအနေနဲ့ အုန်းတော-ရွှေဘို-နဘား မဟာဓာတ်အားလိုင်းရဲ့ ရွှေဘို-နဘား လိုင်းကို ပြန်လည်ဖြတ်တောက်လိုက်လို့ အင်းတော်၊ ထီးချိုင့်၊ ကသာ၊ ဗန်းမောက် စတဲ့မြို့နယ် တွေမှာ ၂၄ နာရီ မီးပြတ်သွားတာဖြစ်ပါတယ်။ 

“ကျတော်တို့ဘက်ကလည်း ဖြတ်တောက်လို့ရတယ်ဆိုတဲ့ဟာကို အသိပေးတဲ့သဘောပါ၊ ဖျက်ဆီးထားတာ မဟုတ်ဘူး။ ဖြတ်တောက်ထားတာမို့ ပြန်ပေးမှာပါ၊ အဓိကတော့ လက်ရှိ လျှပ်စစ်မီး ဖြတ်ခံထားရတဲ့ မြို့တွေ၊ ကျေးရွာတွေ ဓာတ်အားပြန်ရရှိရေး ဆောင်ရွက်တာပါ။ အဲတာတွေ လျှပ်စစ်ပြန်ရမယ်ဆို ဒါကလည်း(ရွှေဘို-နဘား ဓာတ်အားလိုင်း) အချိန်မရွေး ပြန်ရနိုင်တာပေါ့၊ ကျတော်တို့ကလည်း ပြည်သူမျက်နှာကြည့်လုပ်ရ တာဆိုတော့ အကြာကြီးတော့ မဖြတ်ပါဘူး။” လို့ NUG ရဲ့ ရွှေဘိုခရိုင် လျှပ်စစ်တာဝန်ခံက ပြောပါတယ်။

အခုလက်ရှိ ကသာခရိုင်မှာ မီးမရရှိတာကြောင့် လျှပ်စစ်နဲ့ လုပ်ရတဲ့ ပရိဘောဂ လုပ်ငန်းတချို့ ရပ်နားထားရပြီး ဆိုလာ၊ ဘက်ထရီ၊ ပါဝါဘန့်၊ အင်ဗာတာ၊ ရေသန့်၊ ရေခဲ၊ စားသောက်ကုန် စတာတွေလည်း ဈေးကြီးလာကာ တာဝါတိုင်တွေလည်း မလည်ပတ်တာကြောင့် MPT နဲ့ Ooredoo လိုင်းတွေ မရဘူးလို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။

“ဖုန်းတလုံး ၅၀၀ နဲ့ အားသွင်းရတယ်။ ဒီက တာဝါတိုင်တွေက မီးလာမှ အလုပ်လုပ်ကြတယ်။ ဆိုလာရှိပေမယ့် မိုးအုံ့တော့ ဖုန်းလိုင်းတွေလည်း မရဘူး။ မီးစက်မောင်းပြီး လုပ်ရတော့ အစစအရာရာ ဈေးတက်နေတယ်။ မီးစက်နှိုးရတော့ ဆီဈေးတွေလည်း တက်တယ်။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုဟာ စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ဖြတ်တောက်ခံထားရတာဖြစ်ပြီး အခုလက်ရှိ မြို့နယ် ၁၀ မြို့နယ်နီးပါးက  ကျေးရွာပေါင်း ၃၀၀ ကျော် လျှပ်စစ်မီး မရရှိတာ ၃နှစ်နီးပါးရှိပြီလို့ သိရပါတယ်။

ပုံစာ - ၂၀၂၀ ဇန်နဝါရီက တွေ့ရတဲ့ နဘား-ရွှေဘို ဓာတ်အားခွဲရုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကသာခရိုင် #လျှပ်စစ်မီး #ဓာတ်အားလိုင်း #တော်လှန်ရေးအင်အားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10