ကသာမြို့က အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတင်းအစအန ပျောက်နေ

ကသာမြို့က အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတင်းအစအန ပျောက်နေ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာမြို့က အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၃ ရက် ည ၉ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ၃ ရက်ကြာတဲ့အထိ သတင်းအစအနမရရှိကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ကသာမြို့၊ အမှတ်(၃)ရပ်ကွက်က ကိုစိုင်း(ခ)ငြိမ်းချမ်းအောင် ၃၈ နှစ်ဖြစ်ပြီး နေအိမ်မှာရှိနေချိန် စစ်ကောင်စီတပ်သား ၃၀ ခန့် က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"လာဖမ်းတဲ့အချိန်မှာ စကစတွေချည်းပဲ။ ရဲတယောက်မှမပါဘူး။ စကစတွေက သူ့အိမ်ကို အိမ်စီးကား အဖြူရောင် ၃စီးနဲ့ ရောက်လာတာ ။ ဘာကြောင့်ဖမ်းလဲ ဆိုတာတော့ မသိဘူး"လို့ ဖမ်းဆီးခံမိသားစုဝင်နဲ့ နီးစပ်တဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုစိုင်းကို စစ်ကောင်စီတပ်သားတွေက ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းအတွင်း ခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာ ၅ ရက် ဒီနေ့အချိန်ထိ ဘာသတင်းအစအနမှ မရရှိတော့ဘူးလို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ကိုစိုင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်နေသူမဟုတ်ဘဲ စာစီစာရိုက်ခြင်း၊ ဖိတ်စာ၊ တံဆိပ်ရိုက်ခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတဦးဖြစ်ပြီး သူ့မှာ ၈ နှစ်အရွယ် သမီးတဦးရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိသားစုဝင်တွေက ကိုစိုင်းနဲ့ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေသလို အပြစ်တစုံတရာရှိခဲ့ရင်လည်း တရားဥပဒေအတိုင်းသာ ဆောင်ရွက်ပေးစေချင်ကြောင်း မိသားစုဝင်တွေက တောင်းဆိုနေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #စစ်ကေင်စီတပ် #ဖမ်းဆီးမှု #ခမရ၃၀၉ #ဒေသခံ #အသက်အန္တရာယ် #စိုးရိမ်ရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10