ကသာမြို့ဌာနဆိုင်ရာမှ CDMနဲ့ အလင်းဝင်လာသူ ၁၃၀ ကျော်အထိရှိလာ

ကသာမြို့ဌာနဆိုင်ရာမှ CDMနဲ့ အလင်းဝင်လာသူ ၁၃၀ ကျော်အထိရှိလာ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းတွေဟာ NUG ထံ CDMနဲ့ အလင်းဝင်ရောက်လာသူ ၁၃၉ ဦးအထိ ရှိလာနေပြီဖြစ်တယ်လို့ ကသာမြို့ နယ်ပအဖထံက သိရပါ တယ်။

၂၀၂၁ မှာ စစ်ကောင်စီတပ်သား ၂၅ ဦး၊ ရဲတပ်သား ၁၈ ဦး၊ ထောင်ဝန်ထမ်း ၁ ဦး စုစုပေါင်း ၄၄ ဦး၊ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်အစပိုင်းမှာ ပညာရေးဌာနနဲ့ တခြားဌာနတွေမှ ၅၆ ဦး၊ အခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ၂၉ ဦး နိုဝင်ဘာမှာ ထပ်တိုး ၁၀ ဦး စုစုပေါင်း ၁၃၉ ဦး ဖြစ်ပါတယ်။

" CDMတွေက ပညာရေးဌာနလူတွေ ပိုများတယ်။ တချို့ဆို page ဖုန်းနံပါတ်နဲ့ ဆက်သွယ်ပြီး ဝင်သလို တချို့ဆို သက်ဆိုင်ရာကျေးရွာရှိ ပအဖ၊ ပကဖတွေက တဆင့်ဆက်သွယ် ဝင်ရောက်လာပါတယ်။ တချို့က တယ်လီဂရမ်က ဆက်သွယ်လာပြီး ရောက်ရှိ မလာသေးလို့ စာရင်းမသွင်းရသေးတာတွေလည်း ရှိသေးတယ်ဗျ" လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်လံက ပြောပါတယ်။

ကသာမြို့နယ်ရှိ ကျေးရွာအများစုကို NUG အစိုးရက ထိန်းချုပ်စိုးမိုးထားပြီးဖြစ်တာကြောင့် CDMနဲ့ လက်နက်ချအလင်းဝင်လာသူ ပြည်သူ့ဘက်တော်သားတွေကို  စစ်ကောင်စီတပ်နဲ့ မပတ်သက်ရန် ကတိစာချုပ် ချုပ်ဆိုခိုင်းပြီးတော့ ၎င်းတို့နေရပ်ကျေးရွာတွေမှာ နေထိုင်ခွင့်ပေးထားတယ်လို့ မြို့နယ်ပအဖခေါင်းဆောင်း ဦးအောင်လံကပြော ပါတယ်။

ကသာမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး မိမိတို့ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းတွေကို ရပ်တန့်ကာ ဌာနဆိုင်ရာ စာရွက် စာတမ်းတွေ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့တကွ NUG ထံ အလင်းဝင်ရန် နိုဝင်ဘာ ၁၅ ရက်မှာ ကာသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေကို ထိထိရောက်ရောက်ကူညီတာ၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင် ကူညီတာတွေကို ပြုလုပ်ခဲ့တယ်လို့ အထောက်အထားခိုင်လုံတဲ့ Non CDM ဝန်ထမ်းတွေက မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျှောက်ထားပါက “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း" နဲ့ အညီ စနစ်တကျ စိစစ်ပြီး ကာလတိုစာချုပ်နဲ့ တာဝန်ပေးခြင်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ - အလင်းဝင်ရောက်လာသူများနှင့် တွေ့ဆုံနေကြစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကသာမြို့နယ် #စစ်ကောင်စီ #NUG #CDM #အလင်းဝင် #ပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10