ကသာမြို့မှာ စစ်ကောင်စီတပ်က ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရ

ကသာမြို့မှာ စစ်ကောင်စီတပ်က ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်သားတွေက သြဂုတ်လ ၂၈ ရက်မှာ   တနေကုန် မီးရှို့ပြီး သြဂုတ်လ  ၂၉ ရက်မှာမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာသာယာ၊ အင်းဒရန့်၊ ဘွန့်ပွေးကုန်း၊ ကျောက်ထုံးကြီး စတဲ့ကျေးရွာတွေကို ရွာထဲညအိပ်ပြီး တနေကုန် မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

"ရွာသာယာမှာ အိမ် ၆၀ ရှိတာ ၂၀ ပျက်စီးတယ်။ အင်းဒရန့်နဲ့ ကျန် ၃ ရွာက ရွာလုံးကျွတ်နီးပါး ပျက်စီးတယ်လို့ သိရတယ်။ ဒေသခံတွေကတော့ တောထဲ၊ တောင်ထဲထွက်ပြေးနေရတာ။ ဒီနေ့ (သြဂုတ် ၃၁) အထိ ရွာမပြန်နိုင်ကြသေးဘူး" လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ကသာဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။


အခုလိုမီးရှို့ခံရတဲ့ ကျေးရွာတွေဟာ ကသာမြို့ နဲ့ ခလရ (၁၂၁) တပ်ရင်းတည်ရှိတဲ့ ငါးအိုးကြီး ကျေးရွာကြားက ကားလမ်းမဘေး ရွာချင်းဆက်ကျေးရွာတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်က အဲ့ဒီကျေးရွာတွေကို မီးရှို့ပြီး သြဂုတ်လ ၂၉ ရက်မနက် ၆ နာရီကျော်မှာ ခလရ (၁၂၁) တပ်ရင်းကို ပြန်နေချိန် KIA/PDF ပူးပေါင်းအဖွဲ့တွေက လမ်းကိုပိတ်ဆို့ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့တာကြောင့် မိုင်းဆွဲတဲ့နေရာဘက်ကို ကသာမြို့ပေါ်ရှိ ပန်းခြံထဲကနေ လက်နက်ကြီးအလုံးရေ ၈၀ ပစ်ခတ်ခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်မနက် ၇ နာရီကနေ နေ့လယ် ၂ နာရီကျော်အထိ စစ်ကောင်စီတပ်သား ၁၀ ဦးက မြို့ပေါ်ပန်းခြံထဲကနေ မီးရှို့ခဲ့တဲ့ကျေးရွာတွေနဲ့ မိုင်းဆွဲခံရတဲ့နေရာဘက်ကို ပထမတကြိမ် ၁၂၀ မမ အလုံးရေ ၆၀၊ ဒုတိယအကြိမ် ၁၅၀ မမ အလုံးရေ  ၂၀၊ စုစုပေါင်း လက်နက်ကြီးအလုံးရေ ၈၀ ပစ်ခတ်ခဲ့တယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။

မီးရှို့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကသာမြို့နယ်၊ ငါးအိုးကြီးကျေးရွာမှာရှိတဲ့ ခလရ (၁၂၁) တပ်ရင်းကို ရောက်ရှိနေကြတဲ့ တပ်မ (၇၇) က စစ်ကောင်စီတပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ကသာ #စစ်ကောင်စီ #လက်နက်ကြီး #ဒေသခံပြည်သူ #အမျိုးသမီး #စစ်ရှောင် #တပ်မ၇၇ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10