ကသာမြို့မှာ စစ်တပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေ ၅သောင်းနဲ့ ပြန်ရွေးခိုင်း

ကသာမြို့မှာ စစ်တပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေ ၅သောင်းနဲ့ ပြန်ရွေးခိုင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြကာ သြဂုတ် ၁၈ ရက်ကစလို့ ဆိုင်ကယ်တွေကို ဖမ်းဆီးထိန်းသိမ်းနေပြီး ဖမ်းမိထားတဲ့ဆိုင်ကယ်တွေကို ငွေကျပ် ၅ သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကသာမြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတဲ့ သြဂုတ် ၁၈ ရက်ကစလို့  ၂၁ ရက်အထိ လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ ၁၀၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

"ကသာမြို့က ဆိုင်ကယ်မြို့တော်လို့ ပြောလို့ရတယ်။ ဆိုင်ကယ်ကို အဓိကအားထားနေရတယ်။ လိုင်စင်မဲ့တွေ များတယ်။ ဂိတ်မှာဖမ်းမိထားတဲ့ ဆိုင်ကယ်တွေကို ငွေ ၅ သောင်းပေးရင်ပြန်ပေးတယ်။ ၅ သောင်းမပေးရင်တော့ စစ်တပ်ထဲကို ယူသွားတယ်" လို့ ကသာမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီမြို့အဝင်ဂိတ်မှာ သြဂုတ် ၁၉ ရက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးအား စစ်တပ်ထဲကို ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်အကောင်းဆိုရင် ငွေ ၃ သိန်းပေး ရွေးခိုင်းပြီး ဆိုင်ကယ်မကောင်းရင်တော့ ငွေ ၁ သိန်းပေးရွေးခိုင်းခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

"ကသာမြို့မှာကျတော့ တအိမ်မှာ ဆိုင်ကယ် ၃ စီးကျစီရှိတယ်။ လူအရေအတွက်နဲ့ပေါ့။ တအိမ်မှာ လူ ၅ ယောက်ရှိရင် ဆိုင်ကယ် ၅ စီးရှိတယ်။ ဆိုင်ကယ်ကို အားထားရတဲ့မြို့။ ဒါပေမဲ့ လိုင်စင်ဘီးဆိုရင်တော့ ရှားတယ်ပေါ့။ အခုဆိုရင် ဆိုင်ကယ်မစီးရဲကြတော့ဘူး။ စီးမယ်ဆိုရင်တောင် ဘယ်နေရာတွေမှာ ဖမ်းနေလဲဆိုပြီး စုံစမ်းနေရတယ်" လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်တခုတည်းမှာ ဖမ်းဆီးတာမဟုတ်ဘဲ ကသာမြို့ကနေ ထီးချိုင့်ဘက်ကိုသွားတဲ့လမ်း၊ အင်းတော်ဘက်ကို သွားတဲ့လမ်း၊ မိုးတားဘက်ကိုသွားတဲ့လမ်းတွေမှာလည်း ဖမ်းဆီးမှုတွေလုပ်လာနေတာကြောင့် မြို့ခံတွေအနေနဲ့ ခရီးတခုခု သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့မသွားဘဲ ကားကိုသာ အသုံးပြုသွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၈ရက် နေ့လယ် ၁၂ နာရီမှာ ကသာမြို့အဝင်ဂိတ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်လို့ ဂိတ်ကိုဖြတ်သွားတဲ့ ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး နောက်အမျိုးသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကသာမြို့ #စစ်ကောင်စီ #လုံခြုံရေး #ဆိုင်ကယ် #ဖမ်းဆီး #ငွေတောင်း #သိမ်းယူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10