ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် အရာရှိစိစစ်ရေးကတ်နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိ

ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် အရာရှိစိစစ်ရေးကတ်နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဝင်ချိန် စစ်ကောင်စီဗိုလ်ကြီး ၁ ဦးရဲ့ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ စိစစ်ရေးကတ်နဲ့ စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီအင်အား ၃၀ ကျော်က အဲ့ဒီရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ရေဇင်းကျေးရွာကို နိုဝင်ဘာ ၂၁ ရက် မနေ့ကမနက် ၈ နာရီလောက်မှာ ထွက်ခွာသွားပြီးနောက် ကာကွယ်ရေးတပ်တွေက ရှင်းလင်းရေးလုပ်ချိန်မှာ အထက်ပါပစ္စည်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

"ဒီကောင်တွေက နတ်ကြီးမှာ နှစ်စပိုင်းကတည်းက လာပြီးအထိုင်ချနေကြတာ။ ဘာဖြစ်လို့ စခန်းပြောင်းသွားလဲဆိုတာကို မသိဘူး။ မှတ်ပုံတင်တွေနဲ့ ပစ္စည်းတွေကို သူတို့(စကစ)နေခဲ့တဲ့ အဆောင်တွေထဲကနေ ရခဲ့တာ"လို့ ငါန်းဇွန်မြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦး ကပြောပါတယ်။

သိမ်းဆည်းရရှိခဲ့တဲ့ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်နဲ့ စိစစ်ရေးကတ်ပါ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ (ကြည်း)တပ်မှ ဗိုလ်ကြီး ဇေယျာအောင်မြင့်ရဲ့ ကတ်ပြားတွေဖြစ်ပြီး နောက်ထပ်  လက်ထိပ် ၁စုံ၊ ဖုန်းမှန်ကွဲ ၂ လုံးနဲ့ ယူနီ ဖောင်း ၈ စုံတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရေဇင်းကျေးရွာမှာ အထိုင်ချထားတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် မနေ့ကနေ့လယ် ၃ နာရီကျော်မှာလည်း မြေတိုင်းကျေးရွာဘက်ကနေ ထော်လာဂျီ ၂ စီးနဲ့ လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပံသာရွာအဝင်မှာ အသင့်ထောင်ထားတဲ့ ၅ လုံးတွဲ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပကဖဆီက သိရပါတယ်။

နယ်မြေရှင်းလင်းရေးနဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ်ပြောက်ကျားအဖွဲ့နဲ့ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #ပစ္စည်းသိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10