ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ (ရုပ်/သံ)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဇင်းဆည်အနီးမှာ ဇူလိုင် ၁၂ ရက် မနေ့က စစ်ရုံး (ကြည်း၊ ရေ၊ လေ)စစ်ကောင်စီမိသားစုဝင်တွေရဲ့ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက မနေ့ညပိုင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီပွဲကို တပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ၊ ကာချုပ်(လေ) တွေအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်ရုံး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတွေ အစုံအလင်တက်ရောက်ခဲ့ကြပေမယ့် ကာချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် တက်ရောက်တာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ပြုလုပ်တဲ့ စစ်ရုံး (ကြည်း၊ ရေ၊ လေ)စစ်ကောင်စီမိသားစုဝင်တွေရဲ့ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် တက်ရောက်တာကို အဲ့ဒီနေ့ကထုတ်ပြန်တဲ့ စစ်ကောင်စီဓာတ်ပုံမှတ်တမ်းမှာ တွေ့ရပါသေးတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ ဇူလိုင်လအတွင်းမှာ ရာထူးကဖယ်ရှားခံရပြီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ရေတပ်ချုပ်ရာထူးကနေ စစ်ခေါင်းဆောင်တွေထံ နုတ်ထွက်စာတင်ပြထားတယ်လို့ ဘီဘီစီ(မြန်မာပိုင်း)က မနေ့က သတင်းဖော်ပြပါတယ်။

အဲ့ဒီလို သတင်းတွေထွက်ပေါ်နေပြီးတဲ့နောက် ယမန်နေ့က ပြုလုပ်တဲ့ ကြည်း၊ရေ၊လေ စုပေါင်းသစ်ပင်စိုက်ပွဲတော်သတင်းရုပ်သံမှာ ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ကို မတွေ့ရဘဲ ရေတပ်ဖွဲ့ သစ်ပင်စိုက်ပျိုးရမယ့်နေရာမှာ ရေတပ်ယူနီဖောင်းဝတ် ဗိုလ်မှူးချုပ်အဆင့်ရှိသူတဦးကိုသာ တွေ့ရပါတယ်။

နေပြည်တော်စစ်ရုံးကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM တပ်ကြပ်ကြီး/စာရေးကတော့ တပ်ချုပ်ကိုယ်တိုင်တက်ရောက်တဲ့ အဆိုပါ ကြည်း၊ရေ၊လေ မိသားစုပွဲတွေမှာ မည်သည့်ဗိုလ်ချုပ်မှ ပျက်ကွက်ခွင့်မရှိဘဲ အမှုတခုခုနှင့်ရင်ဆိုင်နေရလို့ ချန်လှပ်ခံထားရတဲ့အခြေအနေလို့ ဆိုပါတယ်။

“ သူ(တပ်ချုပ်) ကိုယ်တိုင်ဝင်လှုပ်ရှားမှု(Activites)ပြရတဲ့ စစ်ရုံးအခမ်းအနားတွေမှာ ဘာပွဲလုပ်လုပ် ဒုချုပ်က စပြီး  ရုံးအလိုက်က အကြီးဆုံးအရာရှိချုပ်ဆိုတဲ့ လူတွေတက်ရတာ။ ဥပမာ - ကကရေ ဆိုလည်း ရေချုပ်၊ လေ ဆိုလည်း လေချုပ် တက်ရတာပေါ့။ ဘာကိစ္စဖြစ်နေနေ ပျက်ကွက်လို့မရဘူး။ အဲ့ဒီ လိုမတက်နိုင်ဘူးဆို အဲ့ဒီအရာရှိချုပ်တခုခုဖြစ်နေလို့ဆိုတာ ကောက်ချက်ချလို့ရတယ်” လို့ သူက ပြောပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ အခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှာ ယခင် ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန ၄ ဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်တာကြောင့် စစ်ဦးစီးအရာရှိချုပ်(ရေ)ရာထူးကနေ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာတာ ၆ လခန့်သာရှိသေးတာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကနေ အနားပေးခံရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်တို့ဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာနစတဲ့ အရေးပါတဲ့ဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ဆက်လက်ရှိနေပါသေးတယ်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးအပြောင်းအလဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင်ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

တည်းဖြတ် - HP

#မြေလတ်အသံ

#နေပြည်တော် #စစ်ရုံး #ကာကွယ်ရေးဦးစီးချုပ်(ရေ) #နုတ်ထွက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10