ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဘာ‌တွေလိမ်ခဲ့သလဲ (အတွေးအမြင်)

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဘာ‌တွေလိမ်ခဲ့သလဲ (အတွေးအမြင်)

အာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘာတွေလိမ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ တနည်းပြောရရင်တော့ မင်းအောင်လှိုင်နဲ့ နောက်လိုက် အပေါင်းအပါတသိုက်က သူတို့ရဲ့ နောက်လိုက်တွေကို ဘာတွေလိမ်ခဲ့သလဲ၊ ဘယ်လိုဝါဒမှိုင်းတွေ တိုက်ခဲ့သလဲဆိုတာကို ကြည့်ကြရအောင်ပါ။ 

မင်းအောင်လှိုင်ဟာ ကာလုံအစည်းအဝေးကို ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁၃ ရက်အကြာမှာ လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက သူ့ရဲ့ လက်အောက်ခံ တပ်စခန်းနဲ့ ရဲစခန်းပေါင်းများစွာ သိမ်းပိုက်ခံထားရပြီး ဖြစ်ပါတယ်။ သူ့ရဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်ပေါင်းများစွာ သေဆုံးထားပြီးဖြစ်ပါတယ်။ 

ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်မှာလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာတော့ သူ့ရဲ့ နောက်လိုက်တပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ စခန်းခန်းတွေ အသိမ်းခံရတာနဲ့ပတ်သက်လို့ ဘာတခွန်းမှ ပြောခဲ့တာမရှိပါဘူး။ 

အစည်းအဝေးမှာ မင်းအောင်လှိုင်အရင်ဆုံး ဆွေးနွေးခဲ့တဲ့အချက်ကတော့ လောက်ကိုင်ဒေသမှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တာကို သူတို့အနေနဲ့ တားဆီးနှိမ်နင်းခဲ့ပုံကို အစချီကိုယ်ရည်သွေးပြီး အခုဖြစ်နေတဲ့ MNDAA ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေသတွင်းက မိသားစုအချင်းချင်းဖြစ်တဲ့ ပြဿနာတခုမျှသာ ပြောဆိုထားပါတယ်။

ပြီးတော့ ၂၀၁၆ NLD အစိုရမတက်ခင်အထိ သူတို့(စစ်တပ်)အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ခဲ့ကြောင်းနဲ့  ၂၀၁၇ နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောင်းကားမှုဟာ အများအပြားတိုးတက်လာပြီး တခြားလောင်းကစားလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်လို့ အရင်အုပ်ချုပ်ခဲ့တဲ့ အစိုးရကိုပါ အပြစ်ပုံချတဲ့သဘော ပြောဆိုထားတာ တွေ့ရပါတယ်။ 

တကယ်တော့ မင်းအောင်လှိုင်ပြောနေတဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုတာ မင်းအောင်လှိုင်စစ်သားမဖြစ်ခင်ကတည်းက စစ်တပ်ကြီးအကောင်အထည်ဖော်ခဲ့တဲ့ ဘယ်သောအခါမှ မအောင်မြင်တဲ့ စီမံကိန်းပါ။ 

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးတွေကို အဓိက ဖြန့်ဖြူးရောင်းချနေကြသူတွေဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ စစ်တပ်ကိုယ်တိုင်က လုပ်နေတယ်ဆိုတာ အားလုံးအသိပါ။ 

NLD အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းက မြို့တွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးရောင်းချဖြန့်ဖြူးပြီး ချမ်းသာနေကြသူတွေဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေ ကိုယ်တိုင်က လုပ်နေကြတာဆိုတာ သာဓက၊ သက်သေများစွာရှိပါတယ်။ 

ပြီးတော့ တကယ်တမ်းက တိုင်းပြည်ရဲ့ နယ်စပ်မြို့တွေမှာ လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်ဆိုတာကလည်း မင်းအောင်လှိုင်ရဲ့ ဩဇာခံ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးထားတဲ့ အချက်ကြောင့်ပါ။ 

အခုရှမ်းပြည်မြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း မင်းအောင်လှိုင် ဩဇာခံပြည်သူ့စစ်တွေလုပ်နေတဲ့ အွန်လိုင်းလောင်ကစားဂိုဏ်တွေကို နှိမ်နင်းဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ 

ဒါပေမဲ့ မင်းအောင်လှိုင်ဟာ အခုကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာတော့ ဒီမူးယစ်ဆေးဝါးနဲ့ လောင်းကစား ကိစ္စတွေဟာ သူ့ရဲ့စစ်တပ်ကြီးနဲ့ ဘာမှမပတ်သက်သလိုလိုပြောပြီး မဆိုင်သူတွေကို လက်ညှိုးထိုးစွပ်စွဲတာတွေ လုပ်ခဲ့ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကိုလည်း MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဖုန်မိသားစုနဲ့ လက်ရှိ စစ်ကောင်စီဩဇာခံ ဦးပယ်ဆောက်ချိန်မိသားစုကြား ဖြစ်ပွားတဲ့ပြဿနာကို စစ်ရေးအရဖြေရှင်းနေတဲ့ပုံစံမျိုးနဲ့ မင်းအောင်လှိုင်က ပုံဖော်ဝါဒဖြန့်ပါတယ်။ 

မင်းအောင်လှိုင်ဟာ နိုင်ငံရေးကြွယ်သလိုလိုနဲ့ ရှင်းနေတဲ့ဇာတ်လမ်းကို မရှုပ်ရှုပ်အောင်ဇာတ်ခင်းပြီး ဆင်သေကို ဆိတ်သရေနဲ့ ဖုံးဖို့ ကြိုးစားနေတာ၊ အကောင်ကြီးကို မဖမ်းဘဲ အရိပ်တွေကိုသာ လိုက်ဖမ်းပြနေတာဟာ ဝါဒဖြန့်ကြိုးစားမှု သက်သက်သာဖြစ်ပါတယ်။

တကယ်တမ်းက တိုင်းပြည်မှာဖြစ်နေတဲ့ စစ်ပွဲအားလုံးရဲ့ အဓိက တရားခံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်နေတဲ့အချက်ဆိုတာ အားလုံးအသိပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့်နေရာမှာ လက်နက်ကိုင်စစ်တပ်က ကိုယ့်နေရာ ကိုယ်မနေဘဲ နိုင်ငံရေးထဲမှာ ဝင်ရှုပ်ချင်တာ၊ အုပ်ချုပ်ရေးနေရာတွေကို လက်ဝါးကြီး အုပ်ချင်နေတာဟာ အဓိက ပြဿနာပါ။ 

၂၀၁၅ ရွေးကောက်ပွဲအလွန် လူထုဆန္ဒနဲ့တင်မြှောက်တဲ့ အစိုးရတက်လာပြီး မြန်မာနိုင်ငံမှာ ဥပဒေတွေနဲ့အုပ်ချုပ်၊ တရားဥပဒေစိုးမိုးမှုရရှိဖို့ ကြိုးပမ်းလာကြတဲ့အခါ စစ်တပ်အမိန့်ဆိုတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတယ်။ စစ်တပ်မိသားစုအသိုင်းအဝိုင်းက လက်ဝါးကြီးအုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေတွေ ဆိုက်လာတယ်။ 

ဒီအခါမှာ သမ္မတလုပ်ချင်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်အသိုင်းအဝိုင်းဟာ မဲမသမာမှုဆိုတာကို အကြောင်းပြပြီး တိုင်းပြည်အာဏာကို လုခဲ့ကြတယ်။ စစ်တပ်အသိုင်းအဝိုင်းက လက်ဝါးကြီးအုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ 

မကြာသေးမီက မင်းအောင်လှိုင်ဟာ သူ့နောက်လိုက် စစ်ဗိုလ်ချုပ်တွေကို အကျင့်ပျက်ခြစားမှုတွေနဲ့ ရာထူးတွေချ၊ ထောင်ဒဏ်တွေအပြစ်ပေးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းခဲ့ပါတယ်။ ဒီနေရာမှာ မင်းအောင်လှိုင်ကိုယ်တိုင်ကရော တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေကို မခိုးဘူးလား၊ အကျင့်ပျက်ခြစားမှုတွေ မရှိဘူးလားလို့ မေးခွန်းထုတ်ရင် မင်းအောင်လှိုင်မိသားစုကလွဲရင် ငြင်းမယ့်သူ တယောက်မှ ရှိမှာ မဟုတ်ပါဘူး။ 

အဲ့ဒီတော့ ပြန်ဆက်ရရင် ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေးတိုင်းမှာ ဆင်နွှဲနေတဲ့ စစ်ပွဲတွေဟာ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်ပြောသလို လောက်ကိုင်ဒေသက မိသားစု ၂ စုကြားကစခဲ့တဲ့ပြဿနာမဟုတ်ဘဲ မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ 

MNDAA အဖွဲ့ဟာ သူတို့ရဲ့ ဩဇာကို ပြန်တည်ဆောက်ဖို့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး တိုက်ခိုက်ရေးတွေ လုပ်မယ်ဆိုတာကို သိရှိထားပြီးသားဖြစ်တယ်လို့ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က ကြွာလုံးထုတ်ခဲ့ပါသေးတယ်။ 

ဒါဆိုရင် ဘာလို့ကြိုတင်ကာကွယ်ရေးတွေ မလုပ်ခဲ့တာလဲ၊ အသက်ပေါင်းများစွာ၊ စခန်းပေါင်းများစွာနဲ့ လက်နက် တင့်ကားပေါင်းများစွာကို ဘာလို့ ရင်းနှီးလိုက်ရတာလဲလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်တွေကိုယ်စား မေးခွန်းထုတ်စရာရှိပါတယ်။  

မင်းအောင်လှိုင်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ဆူပူမှုတွေကို ဖြေရှင်းဆောင်ရွက်နေရလို့ လောက်ကိုင်ဒေသကို အာရုံစိုက်မှုနည်းပါးခဲ့တယ်လို့ ဆင်ခြေပေးခဲ့ပေမယ့် တကယ်တမ်းက မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုနဲ့ အများသိနေတဲ့ ‘တပ်ပျက်’ နေပြီဆိုတဲ့ အချက်ကြောင့်ပဲလို့ ဆိုရမှာပါ။

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်ဟာ လောက်ကိုင်ဒေသက မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီးတော့လည်း ကိန်းဂဏန်းတွေကို ရွတ်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် လောင်ကိုင်နဲ့ ချင်းရွှေဟော်ဒေသမှာ ဟိုတယ် ၁၅၃ လုံးရှိကြောင်း၊ ခွင့်ပြုချက်နဲ့ဆောက်ထားတဲ့ဟိုတယ် ၁၂ လုံးသာရှိကြောင်း၊ ကျန်တာတွေဟာ ခွင့်ပြုချက် မရှိကြောင်း၊ ၁၂ ထပ်၊ ၁၃ ထပ်တွေပင် ဆောက်ထားကြောင်းစသဖြင့် စစ်တပ်ထောက်ခံသူတွေ မျက်စိလည်စေနိုင်တဲ့ ဝါဒဖြန့်မှုတွေကိုလည်း ပြောခဲ့ပါသေးတယ်။ 

မင်းအောင်လှိုင်က အခုလိုထောက်ပြခဲ့ပေမယ့် တကယ်တမ်း မြန်မာနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲဆောက်ထားတဲ့ အဆောက်အဦတွေကို ပြပါဆိုရင်တော့ လက်ညိုးထိုးမလွဲပါ။ 

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဝန်ခံခဲ့တာနဲ့ ကြီးကြီးမားမား လိမ်ညာခဲ့တာလည်းရှိပါသေးတယ်။

MNDAA အနေနဲ့ ချင်းရွှေဟော်ကို တိုက်ခိုက်ပြီး ကွမ်းလုံကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ TNLA ကလည်း သိန္နီကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ထားကြောင်း၊ လားရှိုးမြို့ကိုလည်း တိုက်ခိုက်နေကြောင်း၊ နောင်ချိုအနီး မန္တလေး-လားရှိုးဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး ပိတ်ဆို့တိုက်ခိုက်နေကြောင်း၊ MNDAA တိုက်ခိုက်နေတဲ့အချိန် KIA ကလည်း ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်က တပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ဝန်ခံထားပါတယ်။ 

တကယ်တမ်းမှာ မင်းအောင်လှိုင်ဟာ သူ့တပ်ဖွဲ့ဝင်တွေ ဘယ်လောက်သေဆုံးပြီး စခန်းပေါင်းဘယ်လောက်အထိ ကျဆုံးသွားတယ်၊ ဘယ်မြို့တွေ လက်လွှတ်လိုက်ရပြီဆိုတာ တခွန်းမှ မပြောသွားပါဘူး။

ဒီလိုတိုက်ခိုက်မှုတွေလုပ်လာတဲ့အတွက် စစ်တပ်အနေနဲ့ တုံ့ပြန်မှုတွေလုပ်ခဲ့ကြောင်း၊ အခုအခါမှာ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ MNDAA အဖွဲ့တွေ ထိခိုက်ကျဆုံးမှုများနေကြောင်း မင်းအောင်လှိုင်က ကာလုံအစည်းအဝေးမှာ ခပ်တည်တည်နဲ့ ဗြောင်လိမ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဘယ်နေရာတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ မပြောနိုင်ခဲ့သလို MNDAA တပ်ဖွဲ့တွေကျတယ်ဆိုတာသာ ပြောပြီး သူ့တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုတော့ မင်းအောင်လှိုင်က ထုတ်ဖော်မပြောခဲ့ပါဘူး။ 

မင်းအောင်လှိုင်ဟာ ကာလုံအစည်းအဝေးနဲ့ စစ်တပ်ထုတ်တဲ့ သတင်းစားလောက်မှာသာ လိမ်ညာနိုင်တာပါ။ အမှန်တရားကတော့ ကမ္ဘာပတ်နေပါပြီ။ 

အခုလို ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အချိန် စစ်ကိုင်းတိုင်းမှာ PDF တွေကလည်း ပွဲလန့်တုန်းဖျာခင်းတယ်ဆိုပြီး စစ်ကိုင်းတိုင်းက တော်လှန်ရေးလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ထည့်သွင်းပြောကြားသွားပါသေးတယ်။ ဒါပေမဲ့ မြို့အသိမ်းခံနေရတာ၊ သူတပ်ဖွဲ့ဝင်သေဆုံးတာတွေကိုတော့ မပြောရဲခဲ့ပါဘူး။ 

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ ဈေးကွက်က အလွယ်တကူရရှိနိုင်တဲ့ တရုတ်နိုင်ငံထုတ် ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ကြောင်းလည်း ကာလုံအစည်းအဝေးမှာ ပြောသွားပါသေးတယ်။ 

အဲ့ဒီဒရုန်းတွေကို တကယ့်စစ်မြေပြင်က သူ့နောက်လိုက်တပ်တွေ ဘယ်လောက်သွေးပျက်ကြောက်လန့်နေတယ်ဆိုတာတော့ နေပြည်တော်က မင်းအောင်လှိုင် ခံစားတတ်မှာ မဟုတ်ပါဘူး။ 

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်ပြောခဲ့တဲ့ အကြောင်းအရာတွေကို စစ်တပ်ထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြထားချက်အရ အကျိုးအကြောင်းညီညွတ်မှုမရှိသလို ခိုင်မာမှုလည်း မရှိပါဘူး။ အကြောင်းအရာတွေက ဟိုရောက်ဒီရောက် သောင်မတင်ရေမကျ ပြောထားတဲ့ အလိမ်အညာတွေလို့ ဆိုရမှာပါ။ 

ဒါကိုပဲ ကာလုံအစည်းအဝေးအပိတ်မှာ ယာယီသမ္မတ မြင့်ဆွေက တပ်မတော်အနေနဲ့ အခုလို စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်အစိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း၊ သေသေချာချာကိုင်တွယ်သွားရန်လိုကြောင်း၊ အခုလို တိုင်းပြည်အတွက် အရေးကြီးနေတဲ့ကာလမှာ တနိုင်ငံလုံး တပ်မတော်ကို ထောက်ခံအကူအညီပေးရန် လိုအပ်ကြောင်း၊ တပ်မတော်က အသက်စွန့်တာဝန်ထမ်းဆောင် ကာကွယ်နိုင်ခဲ့တဲ့အတွက် အခုလို အတိုင်းအတာတခုအထိ တည်ငြိမ်မှုရရှိနေတာဖြစ်ကြောင်း စုပေါင်းကာ လိမ်လည်ပေးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #ကာလုံ #မင်းအောင်လှိုင် #ယာယီသမ္မတမြင့်ဆွေ #၁၀၂၇စစ်ဆင်ရေး #လောက်ကိုင် #ချင်းရွှေဟော် #ကိုးကန့် #MNDAA #TNLA #KIA #AA #PDF #ဒရုန်း #စစ်ကိုင်း #မကွေး #စစ်ကောင်စီ #ဝါဒဖြန့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10