ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ သေနတ် ၂ လက်ရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာကနေ စစ်သားနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီးကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁၁ နာရီလောက်ကစပြီး ဒေသခံတပ်ရင်းနဲ့ Local PDF တွေပေါင်းပြီး ဆင်ချောင်းပျူရွာကနေထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ရေစကြိုပိုင်နက်ထဲက ရေစကြို-ပခုက္ကူလမ်းပိုင်းတနေရာမှာ အနီးကပ်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦးသေဆုံးကာ သေနတ်၂ လက်ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ Young Force - UG တာဝန်ခံ ကိုပိန်က ပြောပါတယ်။

"ကျနော်တို့က သတင်းကြိုရထားလို့ အနီးကပ် သွားပစ်ခဲ့တာ၊ စစ်ကောင်စီတပ်သားတဦးနဲ့  ပျူတဦးပွဲချင်းပြီး သေတယ်၊ ပစ်ခတ်နေတဲ့ အတွင်းမှာပဲ ကျနော်တို့ရဲဘော်တွေက သေနတ်သွားကောက်တယ်၊ ကျန်တဲ့ကားပေါ်က စစ်ကောင်စီတပ်သားတွေကိုလည်း ကျနော်တို့က နောက်ကနေ ခံပစ်ပေးတာ၊ သူတို့ ကြောက်လန့်ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတာ" လို့ Young Force - UG တာဝန်ခံ ကိုပိန်က ပြောပါတယ်။

စစ်သားတွေအပါ ပျူစောထီး ၇ ဦးကို အနီးကပ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦးသေဆုံးကာ G3 ၁ လက်နဲ့ ကာဘိုင် ၁ လက် သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။ 

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ စစ်အုပ်စုစိုးမိုးထားတဲ့ နယ်မြေဖြစ်ပြီး စစ်ကောင်စီကင်းချထားတဲ့နေရာတွေကနေ လက်နက်ကြီးတွေ ပစ်ကူတာတွေလုပ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Young Force - UG၊ ရေစကြိုမြို့နယ် ပကဖ၊ Southern Yesagyo PDF နဲ့ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ဆင်ချောင်းရွာ #စစ်အုပ်စု #ပျူစောထီး #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10