ကားပေါ်တင်လာတဲ့ စက္ကူတွေ မီးလောင်လို့ ကားပေါ်က ခုန်ချတဲ့အမျိုးသမီး သေဆုံး

ကားပေါ်တင်လာတဲ့ စက္ကူတွေ မီးလောင်လို့ ကားပေါ်က ခုန်ချတဲ့အမျိုးသမီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၈၀/၃) မှာ ကားပေါ်တင်လာတဲ့ ကတ်ထူစက္ကူတွေ မီးလောင်လို့ ကားပေါ်က ခုန်ချတဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်ဒီမနက် ၇ နာရီခွဲခန့်မှာ ဆွာမြို့ဘက်ကနေ မြို့သစ်ဘက်ကို ကတ်ထူစက္ကူဖာ အဟောင်းတွေ တင်လာတဲ့ ကားဟာ လမ်းအတိုင်း မောင်းလာချိန် ဆေးလိပ်မီးပွားကတဆင့် စက္ကူတွေ မီးလောင်ခဲ့တဲ့အတွက် ကားပေါ်ပါ အမျိုးသမီးက ခုန်ချရာမှ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

 


"ယာဥ်ပေါ်မှာ ယာဥ်မောင်းရယ် အမျိုးသမီး ၂ ဦးရယ် ပါတယ်။ ယာဥ်မောင်းက ဆေးလိပ်သောက်လို့ မီးပွားက စက္ကူတွေပေါ် ကျသွားရာကနေ မီးလောင်တာ။ စက္ကူမီးလောင်တာကို လန့်ပြီး ကားမောင်းနေတဲ့အချိန်မှာပဲ ကောင်မလေးက ကားပေါ်ကနေ ခုန်ချလိုက်တာ။ စက္ကူတွေ မီးလောင်တာကိုတော့ လမ်းသွားလမ်းလာတွေက ကားပေါ်ကနေ ဆွဲချပြီး ငြိမ်းသတ်ပေးလိုက်လို့ ငြိမ်းသွားတယ်။ ကားမီးလောင်တာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

၆ ဘီးကား (ဖောကား) နောက်ခန်းမှာ အပြည့်နီးပါးတင်လာတဲ့ကတ်ထူစက္ကူတွေနဲ့အတူ အမျိုးသမီး ၂ ဦး လိုက်ပါလာတာဖြစ်ပြီး၊ အဲ့ဒီထဲကမှ ကေတုမတီမြို့သစ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မစန်းစန်းနွယ်မှာ ကြောက်လန့်ခုန်ချရာမှ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ လမ်းပိုင်းမှာ ယာဥ်မတော်တဆမှုကြောင့် လူသေဆုံးတာတွေရှိပေမယ့် အခုလိုဖြစ်စဥ်က ပထမဆုံးအကြိမ် ဖြစ်ကာ၊ သေဆုံးသူရဲ့ အလောင်းကိုတော့ ဒေသခံတွေက ရေတာရှည်ဆေးရုံကို ပို့ဆောင်ပေးထားပြီး၊ ရင်ခွဲစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10