ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-မြို့စိုးလမ်း၊ မြို့စိုးကျေးရွာအနီးမှာ အမျိုးသမီးတဦး မိုင်းထိပြီး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရရှိသူမှာ အုတ်တွင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာနေ ဒေါ်သီတာမြင့် ၄၀ နှစ်ဖြစ်ပြီး မေ ၁၈ ရက် မနေ့မနက်ပိုင်းမှာ ၎င်းရဲ့အမျိုးသားနဲ့အတူ ကားနဲ့ ထန်းတပင်မြို့ဘက်သို့သွားရောက်စဉ် အဆိုပါလမ်းပိုင်းမှာ ကားလမ်းပေါ် ထွက်နေတဲ့ ကြိုးစကိုဆွဲမိရာက မိုင်းထိခဲ့တာလို့ဆိုပါတယ်။

" သူတို့က ဦးလေးဖြစ်တဲ့ စစ်ရှောင်ရဟန်းကိုသွားကြိုတာ။ သူတို့သွားတဲ့ကားလမ်းပေါ်မှာ ကြိုးကတန်းလန်းခံနေတာဆိုတော့ မိန်းမဖြစ်သူကကားပေါ်က ဆင်းပြီး ကြိုးကိုသွားဖယ်တာမှာ မိုင်းပေါက်ကွဲတာ " လို့ ထန်းတပင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိလို့ ဒေါ်သီတာမြင့်မှာ ဝမ်းဗိုက်မှာ မိုင်းစဖောက်ဝင်ဒဏ်ရာရပြီး အုတ်တွင်းဆေးရုံမှာ တက်ရောက်ကုသနေရာကတဆင့် ခွဲစိတ်ကုသရမယ့်အခြေနေရှိနေတာကြောင့် ဒဏ်ရာရသူအမျိုးသမီးကို တောင်ငူကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါကားလမ်းပေါ်ကမိုင်းကို ဘယ်အဖွဲ့အစည်းကထောင်ထားတယ်ဆိုတာ မသိရဘဲ ကျွဲပွဲ-မြို့စိုးလမ်းပိုင်းမှာ စစ်ကောာင်စီတပ်ရော KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေပါ လှုပ်ရှားမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ တုံးတောကျေးရွာအနီး ရွာလမ်းပေါ်မှာ ငါးရှာပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ လူငယ် ၃ ဦးမိုင်းထိလို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #အရပ်သား #အမျိုးသမီး #မိုင်းထိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10