ကိုဆာန် ပြောပြတဲ့ အညာက လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း (ရုပ်/သံ)

အညာမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေကို ဇွန်လဆန်းကစလို့ နေ့စဉ်ဆက်တိုက် ပြုလုပ်လာနေပါတယ်။ ဒီလိုလေကြောင်းပစ်ခတ်မှုတွေအတွက် မြေပြင်ကနေ တည်နေရာကို သတင်းသတိအကျပေးလို့ အခုလို လေကြောင်းကနေ ဗုံးကြဲနိုင်တာလို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

ဇွန် ၈ ရက်မနက် ၁၁ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ အစည်းဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၂ ပါးအပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုမှာလည်း သတင်းပေးကြောင့်ဖြစ်နိုင်တယ်လို့ သပြေသာကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး အပါအဝင် အညာဒေသကို စစ်ကောင်စီက တော်လှန်ရေးအစပိုင်းလောက်မှာ မြေပြင်စစ်ဆင်ရေးကိုသာ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်း လေကြောင်းနဲ့ ဗုံးကြဲလာတာဟာ အညာကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ အတွင်းရေးမှူး ကိုဆာန်က ထပ်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက မဂ်လာဆောင်တခုကို လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ အရပ်သားတွေအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

အလားတူ ဇွန် ၄ ရက် မနက်မှာလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူအစပ်နားက ကံမြင့်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီက အညာဒေသကို နယ်မြေစိုးမိုးရေးအတွက် လေကြောင်းကိုအဓိကအသုံးပြုကာ မြေပြင်အင်အားတိုးချဲ့သွားမှာ ဖြစ်သလို နောက်တဆင့်အနေနဲ့  ကျည်းတပ်၊ လေတပ်တွေနဲ့ ပါ တိုက်ခိုက်လာဖွယ်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆိုကြပါတယ်။

သတင်းနှင့်တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အညာ #လေကြောင်းတိုက်ခိုက်မှု #ဘာကြောင့်ဖြစ်လဲ #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10