ကိုယ့်ရွာကိုယ်ပြန်ဝင်လာတဲ့ အမျိုးသား ၂ ဦးကို စစ်အုပ်စုဖမ်းဆီး

ကိုယ့်ရွာကိုယ်ပြန်ဝင်လာတဲ့ အမျိုးသား ၂ ဦးကို စစ်အုပ်စုဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မိမိကျေးရွာကို ပြန်လာကြတဲ့ ဒေသခံအမျိုးသား ၃ ဦးထဲမှ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ အိုင်ကြီးကျေးရွာမှ ဦးညိုဝင်း ၅၃ နှစ်၊ ကိုအောင်အေး ၃၃ နှစ်တို့ဖြစ်ပြီး၊ သူတို့ဟာ မတ်လ ၁၅ ရက်ဒီမနက် ၁၀ နာရီလောက်မှာ ရွာကိုပြန်လာကြချိန် ရွာထဲမှာရောက်နေတဲ့ စစ်သားတွေက ဖမ်းဆီးသွားတာလို့ အထက်ပါအမျိုးသားက ပြောပါတယ်။


"ကျနော်တို့ ၃ ယောက်ကရွာထဲမှာ ပြန်နေလို့ရ၊မရဆိုတာကို ကြည့်ဖို့လာတာ။ အဲဒီအချိန်မှာ စကစတွေရွာထဲရောက်နေတာမသိဘူး။ ညိုဝင်းနဲ့အောင်အေးက ကျနော့်ရှေ့က ရွာထဲကိုဝင်တာ။ စကစတွေက ပုန်းနေရာကထွက်လို့ဖမ်းတာ။ သူတို့ဖမ်းတာမြင်တော့ ကျနော်ကထွက်ပြေးလာခဲ့တာ" လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အင်အား ၈၀ကျော်နဲ့ ဒီကနေ့မှာ ညောင်လှ၊ အိုင်ကြီး၊ ကံကြီးစု စတဲ့ကျေးရွာ ၃ ရွာကို ဝင်ရောက်မွှေနှောက်ခဲ့ကြခဲ့တယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

"အဖမ်းခံရတဲ့၂ ယောက်က ဒီစစ်ကြောင်းနဲ့ တွေ့သွားတာထင်တယ်။ စကစတွေက နယ်မြေရှင်းလင်း ရေးလုပ်နေကြတာထင်တယ်။ အဲဒါကိုမသိလို့ ရွာထဲ ပြန်လာကြတာပေါ့။ ပြီးတော့ ဒီနေ့မှာတိုက်ပွဲဖြစ်မဖြစ်တော့မသိဘူး။ လက်နက်ကြီးပစ်ခတ်သံတွေ တော်တော်လည်း ကြားခဲ့ရတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးသွားသူ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ဘယ်နေရာကိုခေါ်သွားလဲဆိုတာကို တိတိကျကျမသိရှိရပေမယ့် အဲ့ဒီစစ်အုပ်စုတပ်စွဲနေတဲ့ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ BPIတပ် တို့ကို ခေါ်ဆောင်သွားတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကခန့်မှန်း ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့မတ်လ ၉ ရက်ကစတင်ပြီး ပခုက္ကူမြို့နယ်ကို အင်အား ၇၀ ကျော်ပါ စစ်ကြောင်းတခုဟာ ကျွန်းချောင်း EPC စက်ရုံအနီးကို စစ်ကြောင်းထိုး ရောက်လာခဲ့တာကြောင့် မြို့စိုးရွာ၊ ငှက်ပျောတောရွာ၊ သီရိလေးရွာ၊ ပေါက်တောရွာ၊ ကံကြီးစုရွာ၊ အိုင်ကြီးရွာ၊ ညောင်လှရွာ၊ ညောင်နီပင်ရွာ၊ သိမ်တော်ရွာနဲ့ ဆယ်လံရွာကဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့နေရတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10