ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း စာသင်နေချိန် လေကြောင်းနဲ့ ပစ်ခတ်ခံရ

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း စာသင်နေချိန် လေကြောင်းနဲ့ ပစ်ခတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း မကြီးကန်ရွာမှာရှိတဲ့ ရပ်ရွာက ဝိုင်းဝန်းဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို လေကြောင်းနဲ့ လာပစ်သွားလို့ ကျောင်းကတော့ ပျက်စီးမှုများတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ  ၂၅ ရက်နေ့ ဒီကနေ့ မနက် ၁၀ နာရီလောက်က ကလေးတွေ စာသင်နေချိန် ကျောင်းကိုပဲ သီးသန့်ဦးတည်ကာ ၁၅ မိနစ်ဝန်းကျင်လောက် ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“Location တည့်တည့်ကို ထုသွားတာ၊ ကလေးတွေက စာသင်နေတာရှိတယ်။ ကလေးတွေက ခုံအောက်တွေမှာ ပုန်းနေတာဆိုတော့ မမှန်လိုက်ဘူး။ ဘာလို့ဆို ကလေးတွေက အနောက်ခြမ်းမှာ ရောက်နေတာ အရှေ့ခြမ်းကို ထုသွားတာ။ မိဘတွေက လေယာဉ်လာတာကို သိတယ်။ အထဲက ကလေးတွေနဲ့ ဆူညံနေတော့ ဆရာမတွေက မသိဘူး။ မိဘတွေက ကိုယ့်ဆီကို ပစ်တာမဟုတ်ဘူး‌‌ဆိုပြီး ထိုင်ကြည့်နေကြတာ။ အပစ်ခံရမှ ဆရာတွေက ကလေးတွေကိုလည်း မထွက်တော့နဲ့ မထူးဘူးဆိုပြီး အနောက်စပ်က ခုံတွေအောက် ကုပ်နေတာ" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

လေကြောင်းနဲ့ပစ်လို့ စာသင်ကျောင်းဆောင်ရဲ့ အရှေ့ခြမ်းကတော့ လက်နက်ကြီးနဲ့ စက်လက် ထိမှန်ကာ ပျက်စီးခဲ့ပြီး၊ စာသင်ကျောင်း မြောက်ဘက်က အိမ်မှာရှိတဲ့ နွားတွေလည်း ထိမှန်ကာ ၁ ကောင် သေသွားတယ်လို့ သိရပါတယ်။

အဆိုပါ စာသင်ကျောင်းဟာ ရွာထဲမှာရှိတဲ့ ၁၀ တန်း အောင်ထားပြီး စာသင်တတ်တဲ့သူတွေကနေ ကလေးတွေကို ပညာရေးနဲ့ဝေးမှာဆိုးလို့ ပြန်သင်ကြားပေးနေတာဖြစ်ပြီး NUG စာသင်ကျောင်း မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘယ်လို ပြောရမှန်းကို မသိဘူး။ ရွာသေးသေးလေး ဘာမှလည်း အထင်ကရ မဟုတ်ဘူး။ ဆရာ ဆရာမတွေ ဆိုတာကလည်း ဟိုလို CDM တွေ မဟုတ်ပါဘူးဗျာ။ ဆယ်တန်းအောင်လေးတွေ၊ တချို့ကျ ဆယ်တန်းတောင် မအောင်သေးဘူး။ အမကနေ ကိုယ့်မောင်လေး ညမလေးတွေကို ပြန်စာပြသလိုပေါ့။ ရွာထဲက သင်ပြနေတဲ့ ကလေးတွေ၊ အဲ့လိုမှ မသင်လည်း ကျတော်တို့ ကလေးတွေက ဘယ်နှယ့် လုပ်တော့မှာလဲ။ ဒါကိုထုသွားတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ ဗဟင်းကျေးရွာအုပ်စုက မကြီးကန်ရွာကို ပစ်ခတ်ပြီးနောက် မြိုင်အနောက်ဘက်က မကြီးကန်ရွာဘက်ကိုလည်း ဆက်လက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းကလည်း ဗဟင်းရွာမှာရှိတဲ့ ကျေးလက်ဆေးပေးခန်းကို လေကြောင်းနဲ့ပစ်ခတ်ခဲ့လို့ ဆေးရုံနားက အိမ်မှာနေထိုင်တဲ့ အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့ပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10