“ကိုယ်ပိုင်စစ်တပ်တခု ထူထောင်မယ်၊ ကိုယ်ပိုင်စစ်ဒေသတခုဖော်ဆောင်မယ်၊ တော်လှန်ရေးပြီးလို့ ၅ နှစ်အထိအောင် လက်နက်မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့် ကျနော်တို့တွေက သူတို့နဲ့လက်တွဲဖို့ မဖြစ်နိုင်ဘူးပေါ့”

“ကိုယ်ပိုင်စစ်တပ်တခု ထူထောင်မယ်၊ ကိုယ်ပိုင်စစ်ဒေသတခုဖော်ဆောင်မယ်၊ တော်လှန်ရေးပြီးလို့ ၅ နှစ်အထိအောင် လက်နက်မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့် ကျနော်တို့တွေက သူတို့နဲ့လက်တွဲဖို့ မဖြစ်နိုင်ဘူးပေါ့”

သရက်ခရိုင်းအတွင်းအခြေစိုက်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၀၁ တဖွဲ့လုံး ဘာကြောင့် တပ်ရင်း နာမည်ပြောင်းခဲ့ရသလဲ။ မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ နဲ့ သူတို့ကို ထောက်ပံ့မှုပေးနေတဲ့ ပြည်သူ့စစ် မဟာဗျူဟာအကြံပေးဗျူရို (PMSAB)ပန်ဆက်ကြား ဘယ်လို သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့သလဲ၊ မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ မှ တပ်ရင်းမှူးဟောင်းဖြစ်သလို လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ Warriors of Liberation Force - W.O.L.F အဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ဆိုင်ဂုံ ဘာကြောင့် အဖမ်းခံခဲ့ရသလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သရက်ခရိုင်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၀၁မှ ဒုတပ်ရင်းမှူး(ဟောင်း)လည်းဖြစ်သလို လက်ရှိ W.O.L.F တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူးလည်းဖြစ်တဲ့ ရဲဘော်အယ်လ်ဖာကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။  

 

 

မေး ။  ။မိုးကြိုးပြောက်ကျားအဖွဲ့ စပြီးဖြစ်ပေါ်လာတဲ့အကြောင်း ပြောပြပေးပါလား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။တပ်ရင်းမှူးဆိုင်ဂုံနဲ့ ကိုမင်းမောင်မောင် ကေအဲန်ယူနယ်မြေထဲမှာတွေ့ဆုံပြီး သဘောတူညီချက်ယူခဲ့တယ်။ ကိုဆိုင်ဂုံအနေနဲ့ မြေပြင်မှာ ဦးဆောင်မယ်။ ကိုမင်းမောင်မောင်အနေနဲ့ ငွေကြေးထောက်ပံ့၊ လက်နက်ထောက်ပံ့ဆိုပြီး သဘောတူညီချက်ယူပြီး၊ ကိုဆိုင်ဂုံက မကွေးတိုင်းထဲ ဆင်းလာပြီးတော့ ဒေသခံလူငယ်တွေနဲ့ ဩဂုတ်လ ၂၀၂၁ မှာ ထူထောင်ခဲ့တာ။ စထူထောင်တုန်းကတော့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရယ်လို့လည်း နာမည်မတပ်ရသေးဘူး။ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)ပန်ဆက်ရဲ့ ဗဟိုစစ်ကော်မရှင်ဆိုတာတွေလည်း မရှိခဲ့သေးဘူး။ (စစ်)သင်တန်းအပတ်စဉ် ၂ ပြီးမှ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဆိုပြီး နာမည်ပေးခဲ့တာ။ အပတ်စဉ် ၂ အထိက ကျနော်တို့ ရဲဘော်အင်အား ၅၀ လောက်နဲ့စခဲ့တာ။ အဖွဲ့နာမည်ပေးလိုက်တာက အောက်တိုဘာ ၂၀၂၁ မှာ ပေးလိုက်တာ။

 

 

မေး ။  ။မိုးကြိုးပြောက်ကျားစဖွဲ့တုန်းက အဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ ဦးမောင်မောင်ဝမ်းရယ် ကိုမင်းမောင်မောင်ရယ်က ဘယ်နေရာကနေပါဝင်ခဲ့လဲ။ ဘာတာဝန်တွေယူထားလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။မပါဘူး။ စတင်ဖွဲ့စည်းတုန်းက သူတို့က ငွေကြေးထောက်ပံ့တာပဲ။ သူတို့က ထောက်ပံ့ရေးသီးသန့်အဖွဲ့ပါပဲ။ ကိုဆိုင်ဂုံကကျတော့ နယ်မြေလှုပ်ရှားတာမှာ ခေါင်းဆောင်ပေါ့။

 

 

မေး ။  ။မိုးကြိုးပြောက်ကျားအဖွဲ့မှာ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ဖွဲ့စည်းပုံတွေ ရေးဆွဲထားတာမျိုးရှိလား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။ကျနော်တို့အနေနဲ့ကတော့ ဖွဲ့စည်းပုံတွေ ရေးဆွဲထားတာ မရှိဘူး။ ကျနော်တို့အနေနဲ့ တော်လှန်ရေးမှာ တတပ်တအားပါဝင်နိုင်အောင်လုပ်မယ်။ မြေပြင်က တပ်ရင်းတွေနဲ့ ကျနော်တို့ ပူးပေါင်းလုပ်နိုင်တာတွေ လုပ်မယ်ဆိုပြီးတော့ပဲ ဖွဲ့စည်းထားတာ။ ရည်မှန်းချက်တွေ၊ မူဝါဒတွေတော့ ရေးဆွဲထားတာ မရှိဘူး။  

 

 

မေး ။  ။မိုးကြိုးပြောက်ကျားအဖွဲ့  ဖွဲ့ပြီးတဲ့အခါမှာ ပန်ဆက်အဖွဲ့ကရော ဖွဲ့ပြီးပြီလား။ သူတို့နဲ့ ဘယ်လိုတွေ ချိတ်ဆက်လုပ်ကိုင်နေကြပြီလဲ။

 

ရဲဘော်အယ်လ်ဖာ ။  ။အဲဒီအချိန်မှာ ပန်ဆက်အဖွဲ့လည်း ဖွဲ့ပြီးပြီ။ သူတို့နဲ့ချိတ်ဆက်တာက တပ်ရင်းမှူးဆိုင်ဂုံနဲ့ပဲ ငွေကြေးထောက်ပံ့မှုတွေကို ချိတ်ဆက်လုပ်ကိုင်ကြတာ။ 

 

 

မေး ။  ။ပန်ဆက်ကိုဦးဆောင်နေတဲ့ ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ဆိုင်ဂုံတို့ကြားမှာ သဘောထား ကွဲလွဲမှုတွေဖြစ်ပြီး အခုလိုတွေ ဖြစ်လာတာလို့ သတင်းတွေမှာ ဖတ်ရတယ်။ အဲဒီသဘောထားကွဲလွဲမှုဆိုတာ ဘယ်အပေါ်မှာ သဘောထားကွဲလွဲတာလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။ဘယ်လိုကွဲလွဲလဲဆိုတော့ ကိုဆိုင်ဂုံအပါအဝင် ကျနော်တို့အဖွဲ့မှာ ခံယူချက်တခုရှိတာက ငွေရေး၊ကြေးရေးထောက်ပံ့ရုံနဲ့ အမိန့်ပေးစေခိုင်းတာမျိုး မဖြစ်နိုင်ဘူး။ ငွေပေးပြီးခိုင်းတိုင်း လုပ်ရမယ်ဆိုရင် တော်လှန်ရေးလုပ်တာမဟုတ်ဘူး၊ ကြေးစားတွေဖြစ်သွားမယ်။ အဲတော့ ငွေပေးပြီးခိုင်းတိုင်းလည်း မလုပ်နိုင်ဘူး။ အဲဒီလိုခံယူချက်တွေရှိတယ်။ ကျနော်တို့ မြေပြင်မှာလုပ်နေတဲ့ အလုပ်တွေကို လာပြီးတော့ ဖိအားတွေပေးတာမျိုးတွေရှိတယ်။ အဲဒါကို ကိုဆိုင်ဂုံက မြေပြင်ကလူတွေကို ငွေကြေးထောက်ပံ့ရုံနဲ့ ဖိအားမပေးသင့်ဘူးလို့ ပြောတာမျိုးတွေကနေ စပြီးတော့ သဘောထားကွဲလွဲမှုတွေဖြစ်တာပဲ။ အခုလိုတွေ ဖိအားတွေပေးလို့ အဆင်မပြေတော့တာနဲ့ MOD ကို တပ်ရင်းတင်ဖို့ လျှောက်တယ်။ ကျနော်တို့ လုပ်တာကို သိသွားတော့ ဒီအဖွဲ့နဲ့ သဘောထားကွဲလွဲပြီးတော့ အခုလို ပြသာနာတွေဖြစ်လာတာပဲ။ 

 

 

မေး ။  ။မူလတုန်းက ဗိုလ်ဆိုင်ဂုံနဲ့ ဦးမင်းမောင်မောင်တို့ ဆွေးနွေးချက်အရ မူဝါဒတွေရေးဆွဲထားတာ၊ စစ်ရေးအပိုင်းမှာ ထောက်ပို့လုပ်သူက ဝင်မပါရဘူးဆိုတဲ့ ချမှတ်ခဲ့တာ၊ ချဖို့ကြိုးစားတာရော ရှိခဲ့လား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဲဒါမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ကိုဆိုင်ဂုံအနေနဲ့က ငွေကြေးထောက်ပံ့သူတွေက အမိန့်ပေးစေခိုင်းတာကိုတော့ လုပ်ဖို့မလိုဘူးလို့ပဲ ဆွေးနွေးတာတွေရှိတယ်။ 

 

 

မေး ။  ။ပန်ဆက်အဖွဲ့က မြေပြင်တပ်ရင်းတွေကို စေခိုင်းတယ်ဆိုတာ ဘယ်လိုဟာမျိုးတွေကို စေခိုင်းတာလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဓိကကတော့ တပ်ရင်း၊ တပ်ဖွဲ့နေရာတွေ ရွှေ့ခိုင်းတာမျိုးပေါ့။ သူတို့အနေနဲ့က မြေပြင်မှာရှိတာ မဟုတ်ဘူး။ ဩဇီတို့၊ ယူအက်တို့မှာရှိတာ။ မြေပြင်အခြေအနေ ကောင်းကောင်းသိတာ မဟုတ်ဘဲနဲ့ ဟိုနေရာသွား၊ ဒီနေရာသွား ခိုင်းတာမျိုးတွေ၊ တပ်နေရာရွှေ့ပြောင်းခိုင်းတာမျိုးတွေ အဲဒါမျိုးတွေ လုပ်ခိုင်းတာ။ ဒါပေမဲ့ လိုက်လုပ်ဖို့ဆိုတာက အောက်မှာနေတဲ့ ကျနော်တို့ကပဲ မြေပြင်အနေအထားကို ကောင်းကောင်း သိတာ။ 

 

 

မေး ။  ။MOD (Ministry of Defence - National Unity Government of Myanmar) မှာ တပ်ရင်းလျှောက်လိုက်တဲ့ နောက်ပိုင်းမှာရော ဘာတွေဆက်ဖြစ်သေးလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဲနောက်ပိုင်းမှာ ဦးမောင်မောင်ဝမ်းအနေနဲ့ တပ်ရင်းမှူးဆိုင်ဂုံကို အငြှိုးထားလာပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားမှာ တပ်ရင်းမှူးဆိုင်ဂုံဟာ သူလျှိုပါ၊ ဒလန်ပါဆိုပြီးတော့ သတင်းလွှင့်တာမျိုးတွေ လုပ်လာတယ်။ ဒီလိုတွေဖြစ်လာတော့ ကိုဆိုင်ဂုံအနေနဲ့ ကိစ္စတွေကို ဖြေရှင်းရမယ်၊ ဒီလိုတော့ နေလို့မရဘူးဆိုပြီးတော့ ကျနော်တို့မှာ လက်နက်တွေရှိတယ်။ ကေအိုင်အေ ဂျီဝမ်းကြီးက ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ။ ဒီလက်နက်တွေကလည်း ကေအိုင်အေက ထောက်ပံ့ထားတာဖြစ်တဲ့အတွက် သူ့(ဗိုလ်ဆိုင်ဂုံ)ကို စွပ်စွဲနေတာတွေဟာ မဟုတ်တဲ့အကြောင်းရှင်းပြမယ်၊ ပြီးတော့ လက်နက်တွေသုံးစွဲခွင့်ကိုလည်း တောင်းမယ် ဆိုပြီးတော့ သူ့အနေနဲ့ ကေအိုင်အေဘက်ကို ခရီးထွက်ခဲ့တာ၊ ရဲဘော် ၆ ယောက်နဲ့။ ကေအိုင်အေနယ်မြေထဲ ရောက်တဲ့အခါ အဖမ်းခံခဲ့ရတာ။ ကိုဆိုင်ဂုံ မသွားခင်မှာ ပြဿနာတွေဖြေရှင်းမယ်ဆိုပြီး ကေအိုင်အေက ဂျီဝမ်းကြီးဆီကို အကြောင်းကြားခဲ့တယ်။ ဂျီဝမ်းကြီးက လာခဲ့ပါ၊ သူတို့ဆီကို စာတင်စရာမလိုဘူး လာခဲ့ပါဆိုလို့ သူတို့ခွင့်ပြုချက်နဲ့ သွားခဲ့ တာ။ ကေအိုင်အေနယ်မြေကိုရောက်တဲ့အချိန်မှာ ဧပြီလ ၁၁ ရက်မှာ သူ ကေအိုင်အေနယ်မြေကို ရောက်နေပြီဆိုပြီး ကိုဆိုင်ဂုံက လှမ်းအကြောင်းကြားတယ်။ ဟိုဘက်ကလည်း လာကြိုနေပြီပေါ့။ ညနေပိုင်းမှ အဆက်အသွယ်ပြတ်သွားတယ်။ နောက်ကျတော့ သိလိုက်ရတာက ကိုဆိုင်ဂုံဖမ်းဆီးခံလိုက်ရပြီဆိုပြီး သိလိုက်ရတယ်။ နောက်ပိုင်း သူတို့ရဲ့အကြောင်းပြချက်က ခွင့်ပြုချက်မရှိဘဲ ကေအိုင်အေနယ်မြေထဲ ဝင်လာလို့ဆိုပြီး မိုးကြိုးပြောက်ကျားတပ်ရင်း ၄၀၄ က ဖမ်းလိုက်တာလို့ဆိုတယ်။ ပြီးတော့မှ ဖမ်းဆီးရတဲ့ အကြောင်းပြချက်တွေက တမျိုးပြီးတမျိုး အကြောင်းပြချက်တွေက ပြောင်းပြောင်းသွားတာ။ အခုလိုင်ဇာဌာနချူပ်မှာ ဂျီဝမ်းကြီး ခွင့်ပြုချက်နဲ့ ဖမ်းဆီးထားတာပါ။ ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုအောက်ကိုတော့ မရောက်သေးဘူးပေါ့။ အန်ယူဂျီရဲ့ တရားစီရင်မှုအောက်ကို ရောက်ဖို့ပဲ ကျနော်တို့ကတော့ တောင်းဆိုချင်တယ်ခင်ဗျ။ 

 

မေး ။  ။မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှာ ဗဟိုစစ်ကော်မရှင်ဖွဲ့တာနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး။  

 

ရဲဘော်အယ်လ်ဖာ ။  ။ဗဟိုစစ်ကော်မရှင်ဖွဲ့တုန်းကလည်း တပ်ဖွဲ့ဝင်တွေကို တိုင်ပင်တာမျိုး မရှိဘူးဗျ။ ဆက်သွယ်ပြောဆိုတာလည်း မရှိဘူး။ ဗဟိုစစ်ကော်မရှင်ဖွဲ့တာကိုလည်း ကျနော်တို့အနေနဲ့ ထောက်ခံတာမျိုး မရှိဘူး။ ဒါကြောင့် ဗဟိုစစ်ကော်မရှင်အနေနဲ့က တရားမဝင်ဘူးလို့ ပြောလို့ရတယ်။ အဲဒါဖွဲ့တုန်းက ဗိုလ်ဆိုင်ဂုံလည်း အဖွဲ့မှာ ရှိနေသေးတယ်။ သူလည်း သဘောမတူခဲ့ဘူး။ 

 

 

မေး ။  ။ဒုတပ်ရင်းမှူး ရဲဘော်အယ်ဖာအနေနဲ့ရော ဗဟိုစစ်ကော်မရှင်ဖွဲ့တော့ ဘယ်အချက်ကို သဘောမတူခဲ့တာလဲ။

 

ရဲဘော်အယ်လ်ဖာ ။  ။ဘယ်အချက်လဲဆိုတော့ စဖွဲ့တုန်းကတည်းက ကျနော်တို့ အောက်ခြေအဖွဲ့တွေကို ဆက်သွယ် အကြောင်းကြားခဲ့တာ မရှိဘူး။ ကျနော်တို့ကလည်း သူတို့ကို ငွေကြေးထောက်ပံ့တဲ့အဖွဲ့လို့ပဲ ခံယူထားတာဖြစ်တဲ့အတွက် အမိန့်ပေးစေခိုင်းတာမျိုးလည်း လက်မခံနိုင်ဘူးပေါ့။ ပြီးတော့ သူတို့ရဲ့ မူဝါဒတွေကိုလည်း သိလာတယ်။ NUG နဲ့ စင်ပြိုင်အစိုးရထောင်ချင်တာမျိုးတွေ ဖြစ်လာတယ်။ တော်လှန်ရေးပြီးလို့ ၅ နှစ်အထိ လက်နက်မချဘူးလို့ဆိုတဲ့ မူဝါဒတွေဆွဲလာတယ်။ ပြီးတော့ NUG နဲ့ အပြိုင် စိုးမိုးနယ်မြေဖော်ဆောင်တာတွေ လုပ်ခိုင်းဖို့တွေကို မူဝါဒရေးဆွဲလာတယ်ပေါ့။ ကျနော်တို့အနေနဲ့ကျတော့ NUG တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ မြေပြင်မှာ လက်တွဲလုပ်ဆောင်နေတာတွေ အများကြီးရှိတယ်။ အလုပ်လုပ်မယ်ဆိုလည်း ကျနော်တို့က ချွန်ထွက်ပြီးလုပ်လို့ မရဘူးဗျာ။ ဒီတပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရတာတွေရှိတယ်။ သူတို့စိုးမိုးနယ်မြေတွေ ဖော်ဆောင်ခိုင်းတာက ဒါက နောက်တချိန်မှာ NUG တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်။ အဓိကနစ်နာမှာကတော့ ပြည်သူတွေပဲ နစ်နာမှာဗျ။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး။ NUG အောက်ကိုပဲ တပ်ရင်းတင်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။ 

 

 

မေး ။  ။ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ဆိုင်ဂုံတို့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီးတဲ့အခါမှာ ပဒါန်းက မင်းမင်း(ငဖဲ) ဆိုတဲ့ သူတယောက်ကို ဗိုလ်ဆိုင်ဂုံကို လုပ်ကြံဖို့ခိုင်းတယ်ဆိုတဲ့အချက်ကို သတင်းတွေမှာ ဖတ်ရတယ်။ အဲဒါကရော တကယ်လား၊ ဘယ်လိုဖြစ်တာလဲ ရှင်းပြပေးပါဦး။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဲဒါက မင်းမင်းဆိုတဲ့သူကပဲ ကျနော့်ကို ဖုန်းဆက်ပြီး စေခိုင်းတာ၊ ကျနော့်ကိုပဲ တပ်ရင်းမှူးဆိုင်ဂုံကို ဖြုတ်ချပေး၊ ဖြုတ်ချရင် မင်းတပ်ရင်းမှူးနေရာရမယ်ဆိုပြီးတော့ ပြောဆိုခဲ့တာ။ အဲဒါကို ကျနော့်အနေနဲ့က လက်မခံနိုင်ဘူး၊ ဒါဟာ ကောင်းတဲ့အစဉ်အလာလည်း မဟုတ်ဘူးဆိုပြီးတော့ ပြန်ငြင်းခဲ့ရတယ်။ ဒီကိစ္စတွေဖြစ်နေတဲ့အချိန်မှာပဲ သရက်ခရိုင်တပ်ရင်း ၄၊ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ တပ်ရင်း၊ တပ်ရင်း ၄ ကို အစည်းအဝေးခေါပြီးတော့ တပ်ဖွဲ့ဝင်တွေကြားမှာ သွေးခွဲခိုင်းတာရှိတယ်။ ကျနော်တို့ လက်နက်တွေကို တပ်ရင်း ၄ အနေနဲ့ငှားသုံး၊ ပြီးရင် ပြန်မပေးနဲ့ ယူထားလိုက်ဆိုတာမျိုးပေါ့။ အဲလိုပုံစံမျိုးတွေနဲ့ စည်းရုံးသွေးခွဲတာမျိုးတွေ ရှိတယ်။ ကျနော်တို့နဲ့အတူ လက်တွဲနေတဲ့ တပ်ရင်းဆိုတော့ အဲဒီသတင်းတွေက ပြန်ရတာပေါ့။ 

 

 

မေး ။  ။ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာ မိုးကြိုးပြောက်ကျားအဖွဲ့နဲ့ ပန်ဆက်အဖွဲ့ကြားက ဆက်ဆံရေးကရော ဘယ်လို ဆက်ဖြစ်ကြလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဲ့ဒီကိစ္စကို ကျနော်တို့‌ ဖြေရှင်းပေးဖို့တောင်းတယ်။ ဒါကိုဖြေရှင်းပေးပါ၊ ဘယ်လိုဖြစ်တာလဲပေါ့။ ဒါပေမဲ့ မင်းမင်းက သူအရက်မူးနေလို့ ဖြစ်ရတာပါဆိုပြီးတော့ ခေါင်းရှောင်သွားတယ်။ ဦးမောင်မောင်ဝမ်းတို့အနေနဲ့ ပထမတဆင့် လုပ်ကြံဖို့ခိုင်းတာ၊ လုပ်ကြံလို့ မရတော့တဲ့အခါမှာ မအောင်မြင်တဲ့အတွက် သူ့(ဗိုလ်ဆိုင်ဂုံ)ကို သူလျှိုတွေ၊ ဒလန်တွေအဖြစ် စွပ်စွဲတာတွေလုပ်လာခဲ့တာပဲ။ 

 

 

မေး ။  ။လုပ်ကြံခိုင်းတယ်ဆိုတာ သူ့ကို လက်နက်တွေသိမ်းမယ်၊ ရာထူးကနေ ဖြုတ်မယ်၊ ဒီလိုပဲ ဖယ်ရှားခိုင်းတာလား။ ဒါမှမဟုတ် သူတို့က သေစေဖို့အထိ လုပ်စေတာလား၊ အဲဒါကို ကွဲကွဲပြားပြားလေး ပြောပေးပါလား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။သူတို့ပါးစပ်ကတော့ သေအောင်လုပ်လိုက်လို့ ဘယ်ပြောမလဲဗျ။ ဒီတယောက်ကို ဖြုတ်ချဆိုရင် သေစေချင်လို့ပဲ ပြောတာပဲလေ။ အခုအဖမ်းခံနေရတဲ့ အခြေအနေမှာလည်း သူတို့က ကိုဆိုင်ဂုံကို လက်စပါဖျောက်ချင်တာ။ သူတို့ရဲ့ မကောင်းတာတွေကို ကိုဆိုင်ဂုံအနေနဲ့ သိထားတယ်။ အစကတည်းက လုပ်ထားတာတွေကို ကိုဆိုင်ဂုံက သိထားတော့ လက်စဖျောက်ချင်တာ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ မီဒီယာပေါ်ရောက်တာ မြန်သွားလို့သာ ဦးမောင်မောင်ဝမ်းတို့အနေနဲ့ လက်စဖျောက်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ဖြစ်သွားတာပါ။ 

 

 

မေး ။  ။မင်းမင်းဆိုသူက ဗိုလ်ဆိုင်ဂုံကို လုပ်ကြံဖို့ခိုင်းတယ်၊ မင်းမင်းဆိုသူက သူမူးနေလို့ ပြောလိုက်မိတာလို့ ပြောတယ်။ ဒီကိစ္စကို ပန်ဆက်ရဲ့ခေါင်းဆောင် ဦးမောင်မောင်ဝမ်းတို့ကရော ဖြေရှင်းတာ၊ အရေးယူတာမျိုး မလုပ်ဘူးလား။ ဗိုလ်ဆိုင်ဂုံအနေနဲ့ရော ပန်ဆက်အဖွဲ့ရဲ့ ခေါင်းဆောင် ဦးမောင်မောင်ဝမ်းကို ဖြေရှင်းပေးဖို့ တောင်းဆိုတာမျိုး မလုပ်ဘူးလား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အစည်းအဝေးခေါ်ပြီးတော့ ဦးမောင်မောင်ဝမ်းတို့အရှေ့မှာပဲ ဒီကိစ္စကိုရှင်းခဲ့တာ။ အဲ့ဒီမှာ မင်းမင်းက သူမူးလို့ဖြစ်တာပါဆိုပြီး ပြောခဲ့တာပဲ။ အဲ့ဒါကို အရေးယူတာမျိုးတော့ မရှိဘူး၊ အဲ့လိုမျိုးနဲ့ပဲ ပြီးသွားတာ။

 

 

မေး ။  ။မိုးကြိုးပြောက်ကျားအဖွဲ့ကနေ ဗိုလ်ဆိုင်ဂုံက ဘယ်အချိန်လောက်မှာ ထွက်သွားတာလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။ဧပြီလထဲမှာပဲ ပန်ဆက်အဖွဲ့ကနေ ကိုဆိုင်ဂုံကို ထုတ်ပယ်တယ်။ ကျနော်တို့ကလည်း သူတို့အောက်မှာ ဆက်မလုပ်ချင်တော့တဲ့အတွက် W.O.L.F (လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ Warriors of Liberation Force-W.O.L.F)ဆိုပြီးတော့ ပြောင်းလဲလိုက်တာပါ။ 

 

 

မေး ။  ။ဗိုလ်ဆိုင်ဂုံနဲ့ ရဲဘော် ၆ ယောက် အဖမ်းခံထားရတဲ့ နောက်ဆုံးအခြေအနေကရော ဘယ်လိုရှိလဲ။ 

ရဲဘော်အယ်လ်ဖာ ။  ။ကိုဆိုင်ဂုံနဲ့ ရဲဘော် ၆ ယောက်ကိုတော့ ခွဲထားတယ်လို့သိရတယ်။ ကေအိုင်အေ နယ်မြေထဲမှာ ဘယ်နေရာမှာ ဘယ်လိုဖမ်းထားတယ်ဆိုတာတော့ မသိဘူး။ အနှိပ်စက်ခံနေရတယ်၊ သူတို့လိုချင်တဲ့ဘက်ကို ရောက်အောင် ထွက်ဆိုခိုင်းတာမျိုးတွေ အတင်းထွက်ဆိုစေပြီးတော့ အသံဖိုင်ယူတာမျိုးတွေ၊ ဗီဒီယိုရိုက်ယူတာမျိုးတွေလုပ်နေတာတွေရှိတယ်။ သူတို့ဘက်က သက်သေယူတာမျိုးတွေရှိတယ်။ 

 

 

မေး ။  ။ဗိုလ်ဆိုင်ဂုံကို ဦးမောင်မောင်ဝမ်းတို့က စစ်တပ်ရဲ့အထူးထောက်လှမ်းရေးဆိုပြီး စွပ်စွဲထားတာ တွေရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။သူတို့အနေနဲ့က တခုမအောင်မြင်ရင် တခုပြောင်းပြီးတော့ စွပ်စွဲနေတာပဲဗျ၊ ဦးတည်ချက် မရှိဘူး၊ မအောင်မြင်ရင် အောင်မြင်တဲ့ဟာနဲ့ စွပ်စွဲဖို့လုပ်နေမှာပဲ။ 

 

 

မေး ။  ။သူတို့စွပ်စွဲနေတာမျိုးရော မဖြစ်နိုင်ဘူးလား။ 

 

ရဲဘော်အယ်လ်ဖာ ။  ။မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုတာက ၂ နှစ်ရှိပြီဗျာ သူတို့နဲ့ လက်တွဲပြီး အလုပ်လုပ်လာတာ။ တပ်ရင်း၊ တပ်ဖွဲ့တွေ စထူထောင်ကတည်းကနေ၊ ဒီတော်လှန်ရေးအတွက် ရှေးရှုတာ တွေပဲရှိတယ်။ သူကလည်း CDM လုပ်လာကတည်းကနေ လျှို့လျှို့ဝှက်ဝှက်အရမ်းနေတယ်။ သူ့ကိုယ်ရေးကိုယ်တာ အချက်တွေကိုလည်း လျှို့ဝှက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ CDM ဆိုတော့ သူ့အနေနဲ့လည်း အန္တရာယ်များတယ်။ တပ်ရင်း၊ တပ်ဖွဲ့နဲ့ ပတ်သတ်တာတွေ အကုန်လုံးကိုလည်း လျှို့ဝှက်တယ်။ သူနဲ့ပတ်သက်လို့ တပ်ရင်း၊ တပ်ဖွဲ့မှာ သူ့အတွက်နဲ့ တစုံတရာ သတင်းပေါက်ကြားတာမျိုး မရှိဘူး။ MOD တပ်ရင်းတွေနဲ့လည်း လက်တွဲလုပ်ဆောင်တာတွေ ရှိတယ်။ သူ့ကြောင့် သတင်းပေါက်ကြားတာမျိုး မရှိခဲ့ဘူး။ ဒါကြောင့် သူတို့အနေနဲ့ စွပ်စွဲတယ်ဆိုတာ ထင်မြင်ယူဆချက်တွေပဲ ဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း မြေပြင်အနေအထားမှာလည်း မရှိဘူး။ သူတို့အနေနဲ့က ပုဂ္ဂိုလ်ရေးအရ စွပ်စွဲတယ်လို့ပဲ ပြောချင်တယ်။

 

 

မေး ။  ။မိုးကြိုးပြောက်ကျားကနေ ဝုဖ်တပ်ဖွဲ့(W.O.L.F)ကို ဘယ်လိုချိန်းသွားတာလဲ။

 

ရဲဘော်အယ်လ်ဖာ ။  ။မတ်လထဲမှာ တပ်ရင်းမှူးဆိုင်ဂုံကို မိုးကြိုးပြောက်ကျားကနေ ထုတ်ပယ်ကြောင်း စာထုတ်တယ်။ ကျနော်တို့ကလည်း မိုးကြိုးပြောက်ကျားနဲ့ လက်တွဲပြီး မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်တဲ့အတွက်မို့ တပ်ရင်းမှူးဆိုင်ဂုံနဲ့ တိုင်ပင်ပြီးတော့ မိုးကြိုးပြောက်ကျားအနေနဲ့ ဆက်သွားလို့မရတော့ဘူး၊ နာမည်တခု ယူရမယ်ဆိုပြီးတော့ ဝုဖ် (W.O.L.F)ဆိုတဲ့နာမည်နဲ့ ယာယီပြောင်းလဲပြီး ဖွဲ့လိုက်တာ။ MOD ကိုလည်း တပ်ရင်းတင်ထားတယ်၊ တပ်ရင်းနာမည်ကျရင်တော့ MOD နဲ့ပဲဆက်သွားမယ်ပေါ့။ 

 

 

မေး ။  ။သရက်ခရိုင်ထဲက မိုးကြိုးပြောက်ကျားတပ်ရင်းကရော ဘယ်လိုအခြေအနေရှိလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။တပ်ရင်းက အကုန်လုံးကျနော်တို့ ပြောင်းလိုက်တာ၊ ဝုဖ်တပ်ရင်း (W.O.L.F) ဖြစ်သွားတာပေါ့။ သရက်ခရိုင်ထဲက တပ်ရင်း ၁၀၁‌ ပေါ့။ အဲဒီတပ်ရင်း ၁၀၁ တခုလုံးက ဝုဖ်ဖြစ်သွားတာ။ မိုးကြိုးပြောက်ကျားအဖွဲ့က တပ်ရင်း ၁၀၁၊ ၂၀၂၊ ၃၀၃ ဆိုပြီးရှိတယ်။ ဒါပေမဲ့ မိုးကြိုးပြောက်ကျားကို စပြီးတည်ထောင်ခဲ့တာက တပ်ရင်း ၁၀၁ ကတည်ထောင်ခဲ့တာ။ ၂၀၂၃ အထိ မြေပြင်မှာ တကယ်ရှိနေတာက တပ်ရင်း ၁၀၁ ပဲရှိနေခဲ့တာ။ ဒါပေမဲ့ ၂၀၂၃ ထဲမှာပဲ တပ်ရင်း ၂၀၂ ဆိုပြီးတော့ ပုလဲနယ်ထဲမှာ အခြေစိုက်တဲ့ M7 က ကြေညာသွားတယ်။ ၂၀၂ ဆိုတာ ရှိတယ်ဆိုတောတော့ သိတယ်။ ဒါပေမဲ့ တပ်ရင်း ၃၀၃၊ ၄၀၄ ဆိုတာ မြေပြင်မှာ တကယ် ရှိ၊ မရှိဆို တာတော့ မသိဘူး။ သရက်ခရိုင်အတွင်းထဲက မိုးကြိုးပြောက်ကျား ၁၀၁ တပ်ရင်းကတော့ ကိုဆိုင်ဂုံကို ထုတ်ပယ်လိုက်တာရယ်၊ သူတို့ရဲ့ မူဝါဒတွေရယ်၊ ပြီးတော့ ထောက်ပံ့ရေးအဖွဲ့အစည်းတခုက ဗဟိုစစ်ကော်မရှင်လို့ ဖွဲ့စည်းတဲ့ ကိစ္စတွေရယ်၊ နောက်တခုက ကိုယ်ပိုင်စစ်တပ်တခု ထူထောင်မယ်၊ ကိုယ်ပိုင်စစ်ဒေသတခု ဖော်ဆောင်မယ်၊ တော်လှန်ရေးပြီးလို့  ၅ နှစ်အထိအောင် လက်နက်မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့် ကျနော်တို့တွေက သူတို့နဲ့လက်တွဲဖို့ မဖြစ်နိုင်ဘူးပေါ့။ အဲဒါနဲ့ ကိုဆိုင်ဂုံနဲ့ ကျနော်တို့ ရဲဘော်တွေအားလုံး တိုင်ပင်လိုက်ပြီးတော့ အခုအတိုင်းသာသွားမယ်ဆိုရင် ကျနော်တို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီကို တွန်းလှန်မယ်၊ တော်လှန်ရေးအစိုးရလို့ ခံယူထားတဲ့ လူထုအစိုးရဖြစ်တဲ့ အန်ယူဂျီနဲ့လည်း လမ်းလွဲသွားမယ်ပေါ့။ ပြီးတော့ လက်ရှိမှာ ကျနော်တို့မှာ အစိုးရတရပ် ရှိနေပြီးသားဖြစ်တယ်။ ပြည်သူလူထု တင်မြှောက်ထားတဲ့ NUG အစိုးရရှိနေပြီးသား (မိုးကြိုးပြောက်ကျားအဖွဲ့ရဲ့)မူဝါဒအတိုင်းသာ လိုက်လုပ်မယ်ဆိုရင် ကျနော်တို့ လမ်းလွဲသွားမယ်ပေါ့။ ပြည်သူတွေနဲ့လည်း ပြဿနာဖြစ်မယ်၊ ပြည်သူအငြိုအငြင်လည်းခံရမယ်။ အဲ့ဒါကြောင့်မို့ သူတို့နဲ့ဆက်မလုပ်နိုင်ဘူး။ ထောက်ပံ့ရေးအဖွဲ့အစည်းက အမိန့်ပေးညွှန်ကြားမှု လုပ်လာတာတွေကြောင့် ကျနော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ဘူးပေါ့။ ဒါတွေကြောင့် ကျနော်တို့တွေအားလုံး တိုင်ပင်လိုက်ကြပြီး MOD မှာ တပ်ရင်းလျှောက်တယ်ပေါ့။ တပ်ရင်းလျှောက်လိုက်တဲ့နောက်ပိုင်းမှာပဲ ကိုဆိုင်ဂုံကို ထုတ်ပယ်တယ်။ အဲဒီလိုထုတ်ပယ်တော့ ကိုဆိုင်ဂုံဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်တဲ့အတွက်၊ တပ်ရင်းတပ်ဖွဲ့ပေါ် ကောင်းတာတွေ၊ တော်လှန်ရေးအပေါ်စိတ်နှစ်ပြီးလုပ်နေတာတွေကြောင့် သူမရှိဘဲနဲ့ မိုးကြိုးပြောက်ကျားအောက်မှာတော့ ဆက်ပြီးတော့ မရပ်တည်နိုင်ဘူး၊ သူနဲ့အတူပဲ တော်လှန်ရေးကြီးမှာ ဆက်သွားမယ်ဆိုပြီး ကျနော်တို့ ဝုဖ်အဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။ 

 

 

မေး ။  ။ဗိုလ်ဆိုင်ဂုံလွတ်မြောက်ဖို့အတွက်၊ မှန်ကန်တဲ့ တရားရင်ဆိုင်မှုကို ရဖို့အတွက် အခုလိုက်ကူညီပေးနေတဲ့ အဖွဲ့တွေရောရှိလား။

 

ရဲဘော်အယ်လ်ဖာ ။  ။အန်ယူဂျီဘက်ကလည်း လိုက်ကူညီနေတာရှိတယ်၊ CDM တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေလည်းလိုက် ကူညီနေတာတွေရှိပါတယ်။ 

 

 

မေး ။  ။ဗိုလ်ဆိုင်ဂုံကို ဖမ်းတယ်၊ စွပ်စွဲတယ်၊ တရားစီရင်တယ်၊ အပြစ်ပေးလိုက်တယ်ပေါ့၊ ဒါတွေအားလုံးကို သူတို့ဘာသာသူတို့ လုပ်လိုက်တယ်ဆိုရင် အဲဒီရဲ့အကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ။ 

 

ရဲဘော်အယ်လ်ဖာ ။  ။အဲဒီလိုလုပ်ရင်တော့ ဒါဟာ စစ်ကောင်စီနဲ့ မခြားဘူးလို့ပြောရမှာပဲ။ ဒါက လက်ခံလို့ မရဘူး။ အခုလည်း လက်မခံဘူး။ လက်ခံလိုက်မယ်ဆိုရင် အာဏာရှင်တွေက ထပ်ပြီးပေါ်ပေါက်လာမယ်လို့ပဲ ဆိုရမယ်။ ။ 

 

 

 #မြေလတ်အသံ

#အင်တာဗျူး #ဗိုလ်ဆိုင်ဂုံ #အေအိုင်အေ #မိုးကြိုးပြောက်ကျား #ဦးမောင်မောင်ဝမ်း #WOLF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10