ကိုယ်ဝန်ဆောင် ၁ဦး လမစေ့ခင်မီးဖွားရာမှ ကလေးရောမိခင်ပါ သေဆုံး

ကိုယ်ဝန်ဆောင် ၁ဦး လမစေ့ခင်မီးဖွားရာမှ ကလေးရောမိခင်ပါ သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင်တဦး လမစေ့ခင် ကလေးမီးဖွားရာက မီးမဖွားနိုင်ဘဲ ကလေးရောမိခင်ပါသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၅ ရက်မှာ ကြက်သွန်ခင်း ၂ ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင် မနုနုထွေးဟာ ငွေကြေးမတတ်နိုင်တာကြောင့် ကလေးမွေးဖို့ နေအိမ်မှာ အရပ်လက်နဲ့ မွေးဖို့ကြိုးစားနေခဲ့ရာမှ မီးမဖွားနိုင်ဘဲရှိခဲ့တာပါ။ 

အဲဒီနောက် အခြေနေဆိုးလာတဲ့အတွက် ဒေသခံပရဟိတကားနဲ့ တောင်ငူဆေးရုံကိုပို့ဆောင်ချိန် ဆေးရုံရောက်ပြီး ၅ မိနစ်ခန့်အကြာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

"ကောင်မလေးက အရပ်လက်သည်နဲ့ မွေးတာမနိုင်မှ ဆေးရုံရောက်လာတဲ့သဘော။ သွေးတွေလည်း မတရားထွက်နေတာ။ ဆေးရုံရောက်ချိန်မှာ စကားတောင်မပြောနိုင်တော့ဘူး။ ဆေးရုံလည်းရောက်ပြီး မကြာဘူး ဆုံးသွားတယ်"လို့ အုတ်တွင်းဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်လွယ်ထားရတဲ့ ကလေးငယ်ဟာ လမစေ့ဘဲ မွေးဖွားရမယ့် အခြေနေဖြစ်လာတဲ့အပြင် ငွေကြေးမတတ်နိုင်လို့ အရပ်လက်သည်နဲ့ ခေါ်မွေးခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမွေးဖွားမယ့်ကိုယ်ဝန်ဟာ ဒုတိယမြောက်ကလေးဖြစ်ပြီး ပထမကလေး မွေးဖွားစဥ် တုန်းကတော့ ဘယ်လိုမွေးဖွားခဲ့လဲဆိုတာမသိရဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

သေဆုံးသူ ကိုယ်ဝန်ဆောင်မိခင်ရဲ့အလောင်းကိုတော့ မိသားစုဝင်တွေကနေအိမ်ပြန်သယ်လာပြီး ဩဂုတ်လ ၈ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #မိခင်နဲ့ကလေး #မီးဖွား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10