သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရွာခံလူ ၆ ဦးထက်မနည်း သတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းအရေးယူဖို့ Fortify Rights လူအခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီ ၄ ရက် မနေ့က သတင်းထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်က စီပါရွာသတ်ဖြတ်မှုအတွင်း အရပ်သား ၆ ဦးထက်မနည်းသတ်ဖြတ်ခဲ့ပုံပေါ်ပြီး ၎င်းတို့အနက် ၃ ဦးမှာ ကိုယ်လက်အင်္ဂါတွေတပိုင်းစီဖြတ်တောက်ခံထားရကာ ဦးခေါင်းပိုင်းကို နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲပြသခံထားရတယ်လို့ ဆိုပါတယ်။
အဲ့ဒီလုပ်ရပ်တွေဟာ အသက်ဘေးမှရှင်သန်လွတ်မြောက်သူတွေအကြား ကြောက်စိတ်တွေထည့်သွင်းပေးခြင်း၊ အတင်းအကြပ်နေရပ်မှ မောင်းထုတ်ခြင်းနဲ့ ခုခံတော်လှန်မှုကိုတားဆီးဖို့အသုံးပြုတဲ့နည်းပရိယာယ်ဖြစ်ပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights က ဆိုပါတယ်။
Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံတဦးဖြစ်သူ ကိုစိုင်းအာကာက “ ICC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ နေ့တိုင်းနီးပါးဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ရေး ချက်ချင်းအရေးယူဆောင်ရွက်သင့်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတိုက်တွန်းထားပါတယ်။
စီပါရွာကို ၂၀၂၄ အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက် စစ်ကြောင်းပြန်ထွက်သွားပြီးတဲ့နောက် စီပါရွာခံ လူ ၆ ဦးထက်မနည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်၊ မီးရှို့သတ်ဖြတ်ခံထားရတာကို ဒေသခံတွေက တွေ့ခဲ့ရတာပါ။
သတ်ဖြတ်ခံရသူတွေဟာ စီပါရွာခံ ဦးတင်လှိုင် အသက် ၈၀ ခန့်၊ ဦးသက်အောင် ၄၂ နှစ်၊ ဦးကျောင်းပို ၅၇ နှစ်၊ အသက် ၅၀ နှစ်ခန့်ရှိ ဦးရာစိန်နဲ့ ဦးဌေးလွင်တို့ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့ပြီး စီပါရွာသားတွေကိုယ်တိုင် အတည်မပြုနိုင်သေးတဲ့ ရုပ်အလောင်း ၁ ခုကိုလည်း တွေ့ရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရတဲ့စီပါရွာသားတွေရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြတ်တောက်ခံထားရတဲ့ ဓာတ်ပုံတွေအများအပြားရရှိထားပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ မြေပြင်မှ မျက်မြင်သက်သေ ၈ ဦးကိုမေးမြန်းချက်အရ တချို့ ရုပ်အလောင်းတွေဟာ တမင်တကာမီးတင်ရှို့ခံထားရပုံပေါ်တယ်လို့လည်း ဆိုပါတယ်။
ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အရပ်သားတွေအပေါ်ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် မြန်မာစစ်ကောင်စီကို တရားစွဲဆိုသင့်ပြီး မြန်မာနိုင်ငံအခြေအနေကို ICC အစိုးရရှေ့နေထံ ချက်ချင်းလွှဲပြောင်းသင့်တယ်လို့ ဖော်ပြတိုက်တွန်းထားပါတယ်။
ပုံစာ - စီပါကျေးရွာဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ခေါင်းဖြတ်ပြီး ချိတ်ဆွဲထားခဲ့သည့် ခြံစည်းရိုး။ (ဓါတ်ပုံ - ကွီးဂဏန်း)
#မြေလတ်အသံ
#FortifyRight #စီပါ #ICC #စစ်ရာဇဝတ်မှု
Share Share Share