ကုက္ကားရွာက ပျူစောထီးခေါင်းဆောင် ညီအစ်ကို ၂ ဦး ရှင်းလင်းခံရ

ကုက္ကားရွာက ပျူစောထီးခေါင်းဆောင် ညီအစ်ကို ၂ ဦး ရှင်းလင်းခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာက ပျူစောထီးခေါင်းဆောင် ညီအစ်ကို ၂ ဦးကို ဇွန်လ၂၆ ရက်နေ့လယ် ၁ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကုက္ကားကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အသတ်ခံရသူမှာ ဦးတင်ဦး ၆၃ နှစ်နဲ့ သူရဲ့ ညီဖြစ်သူ ဦးသန်းဝင်း ၅၀ နှစ်တို့ဖြစ်ကြပြီး ရွာအနောက်ဖက် ၃ မိုင်ခန့်အကွာ လယ်ကွင်းတနေရာမှာ ကုက္ကားပကဖ အဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ကုက္ကားရွာက ပျူတွေများလို့ ပျူရွာလို့ ပြောရတယ်။ ဒီညီအစ်ကို ၂ ယောက်က ခေါင်းဆောင်။ သူတို့တမိသားစုလည်း ပျူတွေချည်းပဲ။ ရွာထဲက ပျူမဟုတ်တဲ့သူတွေကို အနိုင်ကျင့် ဗိုလ်ကျတယ်။ အိမ်တွေကိုသိမ်းယူထားတာတွေရှိတယ်" လို့ ကုက္ကားကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် အသတ်ခံရသူ ၂ ဦးမှာ ကျေးရွာပျူ ခေါင်းဆောင်လည်းဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်များလည်း ဖြစ်ကြပြီး ပျူအဖွဲ့ဝင်မဟုတ်ကြတဲ့ ကျေးရွာကလူနေအိမ် ၁၅ လုံးကိုလည်း မတရားသိမ်းယူထားတယ်လို့ သူက ဆက်ပြောပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းဌာနတွေကတော့ အသတ်ခံရသူ ၂ ဦးရဲ့ ရုပ်အလောင်းကို ဟံသာဝတီနဲ့ ကုက္ကားပြည်သူ့စစ်များ ပူးပေါင်းအဖွဲ့က သွားရောက်ကောက်ယူပြီး ဇွန်လ ၂၇ ရက်မှာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ သူတို့ညီအစ်ကိုနှစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သလို ပြည်သူ့စစ်အဖွဲ့ဝင် ဦးညီထွေးရဲ့ အကိုများဖြစ်ကြကြောင်း၊ ကုက္ကားကျေးရွာမှာ ပြည်သူ့စစ် အားကောင်းတဲ့ရွာဖြစ်ပေမယ့် လက်နက်တွေ ထပ်မံဖြည့်ဆည်းတပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်း ဝါဒဖြန့်ရေးသားထားပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #ပျူစောထီး #ပြည်ခိုင်ဖြိုး #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10