ကုန်ကားတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ကုန်ကားတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဇလုပ်ရွာ ဆိုင်ခန်းအနီးမှာ ကုန်ကားတွေကို ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်းဆီက သိရပါတယ်။

ဇွန်လ ၂၅ ရက် ညနေ ၃ နာရီ ၅၀ မိနစ်လောက်က စစ်သား ၆ ဦးဟာ မုံရွာမြို့ရှောင်လမ်းနဲ့ ဇလုပ်ရွာအနီး စတဲ့ ၂ နေရာမှာ ၃ ဦးစီခွဲပြီး ငွေတောင်းနေချိန် ဇလုပ်ရွာအနီးက စစ်သား ၃ ဦးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။  

“ကျနော်တို့ပစ်တာက ကျောက်ကာဘက်ထွက်တဲ့ ဇလုပ်ရွာ ဆိုင်ခန်းဘေးမှာနေတဲ့ ၃ ဦးကို ပစ်လိုက်တာ၊ ၃ ဦးလုံးတော့မှန်သွားတယ်၊ ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်၊ ကျန်တဲ့ကောင်တွေကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်၊ သေမသေတော့မသိဘူး၊ အဲ့ဒီ ၂ ယောက်ကိုသယ်သွားတယ်” လို့ မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်း တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်းနဲ့ မုံရွာ ပလဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ဇလုပ်ရွာထဲကိုဝင်ရောက် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို မျက်မြင်ဒေသခံအချို့ရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်တေဇလမ်းမပေါ်မှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီ ကား ၁ စီးကို မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ငွေတောင်း #စစ်ကောင်စီ #တိုက်ခိုက် #စစ်သားသေဆုံး #နတ်ဆိုးတပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10