ကူးတို့ဆိပ် ပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရတဲ့ ရဲဘော်တဦး ထပ်မံကျဆုံး (ရုပ်/သံ)

ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တဦး ဆေးကုသနေရင်း ကျဆုံးခဲ့တယ်လို့ Fighter One တပ်ဖွဲ့ ခေါင်းဆောင် ကိုနေကြီးဆီက သိရပါတယ်။

ဇူလိုင် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ 96 Soldiers PDF အဖွဲ့က ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ Fighter One တပ်ဖွဲ့က ၃ ဦး ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ထဲက ရဲဘော် ၁ ဦးက ဇူလိုင် ၁၅ ရက် ည ၉ နာရီမှာပဲ ဆေးကုနေရင်း ထပ်မံကျဆုံးသွားတယ်လို့ ဆိုပါတယ်။

“နံကြားကနေ ဖြတ်မှန်တဲ့ ကျည်ဆန်က အသည်းရယ်၊ အဆုတ်ရယ်၊ ကျောက်ကပ်ရယ် ၃ ခုကို ဖြတ်ထွက်သွားတာ။ ပထမတရက် ခွဲစိတ်ခန်းဝင်တော့ အသည်းကိုခွဲစိတ်ပြီး ကျောက်ကပ်တလုံး ထုတ်လိုက်ရတာ။ အဲ့ကနေ တရက်စောင့်ကြည့်ပြီး ဒီမနက် အဆုတ်ကို ခွဲစိတ်ခန်းထပ်ဝင်ဖို့ရာ မနေ့က ဆုံးသွားတော့ မလုပ်လိုက်ရတော့ဘူး။”လို့ ကိုနေကြီးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျည်ထိမှန်ဒဏ်ရာနဲ့ Fighter One တပ်ဖွဲ့က ရဲဘော် ဝိုင်းချစ် အသက် ၂၅ နှစ် ကျဆုံးခဲ့ပြီး ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီမှာ အမိန့်ပြန်တမ်းဖတ် သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အဆိုပါ စခန်းသိမ်းပွဲမှာ Fighter One တပ်ဖွဲ့က လက်ပြင်ကို ကျည်ဖောက်မှန်ပြီး လည်ပင်းသွေးပြန်ကြောထိခဲ့တဲ့ ရဲဘော်နဲ့ လက်မောင်း ကျည်ဖောက်ထွက် ဒဏ်ရာရ ရဲဘော်တို့ကိုလည်း အခုလက်ရှိ ဆေးကုသပေးနေပြီး သူတို့ ၂ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီး ၃၀ ကျော်ရှိတဲ့ ကူးတို့ဆိပ် ပျူရွာစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီး နောက်တနေ့မှာတော့ အဲ့ဒီရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေက ၃ မိုင်ကျော်အကွာက ဇီးဖြူကုန်းပျူရွာစခန်းဆီကို ဆုတ်ခွာသွားကြတာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်မှာတော့ မြင်းစီး၊ ဆင်အင်း၊ ကူးတို့ဆိပ်စတဲ့ ကျေးရွာ ၃ ရွာက ပျူစောထီးတပ်ဖွဲ့တွေက စခန်းစွန့်ခွာသွားတဲ့အတွက် အခုလက်ရှိ ကာကွယ်တပ်ဖွဲ့တွေဘက်က အဆိုပါ စခန်းတွေကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #ကူးတို့ဆိပ် #ပျူစောထီးရွာ #စခန်းသိမ်းတိုက်ပွဲ  #ဒဏ်ရာရရဲဘော် #ကျဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10