ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ CDM ၀န်ထမ်းတွေကိုပြန်ခေါ်

ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ CDM ၀န်ထမ်းတွေကိုပြန်ခေါ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ကြားကာလဒေသန္တရအုပ်ချုပ်ရေး ကြေညာပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ လည်ပတ်နိုင်ရန် CDM ၀န်ထမ်းတွေကို ပြန်လည်တာ၀န်ထမ်းဆောင်ပေးကြဖို့ ကောလင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ၊ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့ ကောလင်းခရိုင် မြို့နယ်အတွင်းရှိ ဌာနအသီးသီးက CDM ၀န်ထမ်းတွေအနေနဲ့ ခရိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံကို ဆက်သွယ်သတင်းပေးပို့ တာ၀န်ထမ်းဆောင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၆ ရက်က ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက နို၀င်ဘာ ၈ ရက်မှာ ဖွဲ့စည်းပြီး တာ၀န်ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြားကာလအုပ်ချုပ်ရေးအနေနဲ့ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် လက်ကျန်ငွေသား သိန်းပေါင်း ၉,၀၀၀ ကျော်ကို လက်ခံသိမ်းဆည်းထားပြီး စာရင်းသွင်းမှတ်တမ်းတင်ကာ နိုင်ငံတော်ပိုင်ဘဏ္ဍာနဲ့ ပြည်သူလူထုအပ်နှံထားတဲ့ ငွေကြေးတွေကို နစ်နာဆုံး ရှုံးမှုမရှိအောင် စီမံခန့်ခွဲလျက်ရှိတယ်လို့ ကြားကာလဗဟိုဘဏ်ကလည်း နို၀င်ဘာ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ကြားကာလအုပ်ချုပ်ရေးအနေနဲ့ NUG အစိုးရက ထိန်းချုပ်ကွပ်ကဲနေတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက တိုက်ပွဲစတင်ကတည်းက လျှပ်စစ်မီးတွေဖြတ်တောက်ထားပြီး ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားတာဖြစ်ပါတယ်။

ပုံစာ - နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံလွှင့်ထူနေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #ဒေသန္တရအုပ်ချုပ်ရေး #CDM #NUG မြန်မာ့စီးပွားရေးဘဏ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10