ကောလင်းတွင် ကြားကာလအုပ်ချုပ်ရေး ဖွဲ့စည်းထား၊ ဘဏ်မှသိမ်းဆည်းရရှိတဲ့ ငွေကြေးကို အပ်နှံထားသူတွေ နစ်နာမှုမရှိအောင် စီမံခန့်ခွဲနေ

ကောလင်းတွင် ကြားကာလအုပ်ချုပ်ရေး ဖွဲ့စည်းထား၊ ဘဏ်မှသိမ်းဆည်းရရှိတဲ့ ငွေကြေးကို အပ်နှံထားသူတွေ နစ်နာမှုမရှိအောင် စီမံခန့်ခွဲနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ကြားကာလအုပ်ချုပ်ရေးတရပ်ကို ဖွဲ့စည်းထားပြီးကြောင်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေကြေးတွေကို လက်ခံသိမ်းဆည်းထားပြီး ပြည်သူလူထုအတွက် နစ်နာဆုံးရှုံးမှုမရှိအောင် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၃ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွင် ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၄ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး နို၀င်ဘာ ၈ ရက်မှာ ကြားကာလဒေသန္တရအုပ်ချုပ်ရေး အရေးပေါ်ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့အပြီး ကောလင်းခရိုင်အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG က ကြားကာလဒေသန္တရအုပ်ချုပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက နို၀င်ဘာ ၈ ရက်မှာ ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကြားကာလအုပ်ချုပ်ရေးအနေနဲ့ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် လက်ကျန်ငွေသား သိန်းပေါင်း ၉,၀၀၀ ကျော်ကို လက်ခံသိမ်းဆည်းထားပြီး စာရင်းသွင်းမှတ်တမ်းတင်ကာ နိုင်ငံတော်ပိုင်ဘဏ္ဍာနဲ့ ပြည်သူလူထု အပ်နှံထားတဲ့ငွေကြေးတွေကို နစ်နာဆုံးရှုံးမှု မရှိအောင် စီမံခန့်ခွဲလျက်ရှိတယ်လို့ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ကြားကာလအုပ်ချုပ်ရေးအနေနဲ့ NUG အစိုးရက ထိန်းချုပ်ကွပ်ကဲနေတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက တိုက်ပွဲစတင်ကတည်းက လျှပ်စစ်မီးတွေဖြတ်တောက်ထားပြီး ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားတာဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #ကြားကာလအုပ်ချုပ်ရေး #မြန်မာ့စီးပွားရေးဘဏ် #ငွေကြေး #ပြည်သူလူထု #NUG #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10