ကောလင်းထွေအုပ်ရုံးက စစ်သား ၃ ဦး လက်နက်နဲ့ထွက်​ပြေးပြီးနောက် စစ်တပ်က ရွာတွေကို စစ်​ကြောင်းထိုးမှုများလာ

ကောလင်းထွေအုပ်ရုံးက စစ်သား ၃ ဦး လက်နက်နဲ့ထွက်​ပြေးပြီးနောက် စစ်တပ်က ရွာတွေကို စစ်​ကြောင်းထိုးမှုများလာ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက အ​စောင့်စစ်သား ၃ ဦး လက်နက်နဲ့တကွ ထွက်​ပြေးသွားပြီးနောက် ကောလင်းမြို့အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမှုတွေများပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နဲ့ထွက်ပြေးသွားလို့ နီးစပ်ရာရွာတွေမှာ ရှာဖွေမှုတွေလုပ်ဆောင်နေတာကနေ လက်ရှိမှာ တာရွာ၊ ​မြောင်းကြီး၊ ​နှောခုံ၊ တဇူး စတဲ့ရွာ​တွေကို စစ်တပ်က စစ်​ကြောင်းထိုးလာတာလို့ သိရပါတယ်။

"စစ်သား​တွေ ထွက်​ပြေးတာက ကြာပြီ။ နှစ်ပတ်​လောက်​တောင်ရှိ​တော့မယ်။ အခုမှအထက်က​ သူတို့​ပြေးတာသိပြီး အ​ရှေ့ခြမ်းကရွာ​တွေကို စစ်​ကြောင်းထိုး​တော့တာပဲ" လို့​ ကောလင်း​ဒေသခံတဦးက​ မြေလတ်အသံကို ပြောပါတယ်။

ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့အပြင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်  ထုတ်ပြန်ထား​ပြီး အဆိုပါအချိန်အတွင်း သွားလာသူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

"စစ်​ကြောင်းက မနက် ၄ နာရီဝင်ထိုး​တော့ ရွာထဲကလူတွေ အကုန်ပိတ်မိကုန်တယ်။ လက်နက်ကြီး​တွေနဲ့ရမ်းသမ်းပစ်တယ်။ ခုစစ်ကြောင်းထိုးနေတဲ့ ရွာတွေဘက်မှာ အိမ်ခွန်ဆိုပြီး တိုက်အိမ်ဆို ၂​ သောင်း၊ ရိုးရိုး အိမ်ဆို ၃​၀၀၀ က​နေ ၅၀၀၀ အထိ အဓမ္မ​တောင်းယူသွားကြတယ်"လို့ အထက်ပါ​ဒေသခံက​ ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ကောလင်းမြို့ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်မှုများ မကြာခဏပြုလုပ်ကာ ဒေသခံများကို ရိုက်နှက်ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အပြင် သတ်မှတ်ချိန်ထက်ကျော်လွန်သွားလာသူတွေကို ပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားရေးလာရေးနဲ့ စား၀တ်နေရေး ခက်ခဲလျက်ရှိတယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်က ယခုစစ်ကြောင်းထိုး ၀င်ရောက်နေတဲ့ ကောလင်းမြို့နယ်ရှိ တာကြီးကျေးရွာကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၄ ရက်က ဒေသခံပြည်သူတွရဲ့ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #ကောလင်း #စစ်ကာင်စီတပ် #ထွက်ပြေးမှု #စစ်ကြောင်းထိုး #ဒေသခံများ #ခက်ခဲမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10