ကောလင်းမြို့ကိုဝင်ဖို့ကြိုးစားတဲ့ စစ်အုပ်စုနဲ့ PDF တွေတိုက်ပွဲဖြစ်၊ PDF တဦးကျဆုံး

ကောလင်းမြို့ကိုဝင်ဖို့ကြိုးစားတဲ့ စစ်အုပ်စုနဲ့ PDF တွေတိုက်ပွဲဖြစ်၊ PDF တဦးကျဆုံး

ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး PDF ရဲဘော်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၁ ရက် မနေ့ မနက် ၄ နာရီလောက်က ဝန်းသိုမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ကောလင်းမြို့အနောက်မြောက်ဘက် ဝါးရုံးတုံးရပ်ကွက် ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"ကောင်းလင်းမြို့ပေါ်အထိ မရောက်လိုက်ဘူး။ အဲ့ဘက်မှာ တပ်ရင်း ၂ နဲ့ တိုက်ပွဲဖြစ်တယ်။ မနက် ၁၀ နာရီလောက်အထိ ဖြစ်ကြတယ်။ စစ်တပ်ကလည်း လေယာဥ်နဲ့  ၂ ခါ လာပစ်သွားတယ်" လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ကာကွယ်ရေးတပ်တွေရဲ့ ကင်းတဲစခန်းထဲကို ဗုံးပစ်သွင်းသွားတဲ့အတွက် ကောလင်းခရိုင် တပ်ရင်း ၂ က ကင်းစောင့်နေတဲ့ အသက် ၂၀ အရွယ် ရဲဘော်တဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ကောလင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁ မိုင်နီးပါးဝေးတဲ့ ကျွန်းတောထဲမှာ ဝင်ရောက်နေပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။  

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာ ကောလင်းမြို့ကို ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းယူထိန်းချုပ်နိုင် ခဲ့ကာ လက်ရှိမှာတော့ ရွှေဘိုခရိုင် စစ်ဒေသကွက်ကဲရေးရုံးက အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး ပြည်သူတွေလည်း မြို့ထဲကို ပြန်လည်ဝင်ရောက်နိုင်နေပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီ #PDF #တိုက်ခိုက် #PDF #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10