ကောလင်းမြို့ထွေအုပ်ရုံးမှလွဲ၍  PDF တွေ တမြို့လုံးကို သိမ်းပိုက်ထား

ကောလင်းမြို့ထွေအုပ်ရုံးမှလွဲ၍  PDF တွေ တမြို့လုံးကို သိမ်းပိုက်ထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကလွဲပြီး ဒေသကာကွယ်ရေးတပ်တွေက ကောလင်းမြို့တမြို့လုံးကို သိမ်းပိုက်ထားပြီလို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီကစတင်ပြီး ကောလင်းမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး နိုဝင်ဘာ ၅ ရက် ညပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချထားတဲ့ ကောလင်းရဲစခန်း၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို သိမ်းထားနိုင်ပြီး စစ်ကောင်စီတပ်တွေရှိနေသေးတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတခုသာ ကျန်တော့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၆ ရက် မနက် ၁၀ နာရီခန့်မှာတော့ ကောလင်းမြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် မြေလတ်အသံ သတင်းဌာနက အတိအကျသိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိတွင် ရဲစခန်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံတဲ့နေရာတွင်ထားရှိထားပြီး မြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ခေါ်ထုတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ မြေပြင်ရဲဘော်တဦးကပြောပါတယ်။

စစ်ကောင်စီ မိသားစုဝင်နဲ့ ရဲတွေပါရှိနေတဲ့ ထွေအုပ်ရုံးကိုဝိုင်းထားတဲ့အခြေအနေမှာရှိနေပြီး စစ်ကောင်စီဘက်ကလည်း အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

"ပြည်သူတွေက မထွက်ကြဘူး။ အလုပ်လုပ်ရတာလည်း ခက်ခဲတယ်။ လေယာဥ်က အချိန်တိုင်း ဆက်တိုက်လာကြဲနေတာ။ အိမ်တွေလည်းပျက်စီးပြီး ထိခိုက်ကြတယ်။ သေဆုံးတဲ့ပြည်သူ ၂၀ နဲ့ ၃၀ ကြားရှိမယ်။ ရဲဘော်တွေကလည်း နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးဘူး "လို့ ရှေ့တန်းထောက်ပို့လုပ်နေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကလည်း ထွေအုပ်ရုံးအနီးက အထပ်မြင့်တိုက်တွေပေါ်ကနေ စနိုက်ပါတွေနဲ့ ချောင်းမြောင်း ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

"မနေ့ညကဆိုရင် ပြည်သူက မထွက်ဘဲနဲ့ တိုက်ခန်းထဲကနေကယ်ပါ ကယ်ပါ အော်နေတော့ ရဲဘော်တွေက သွားကယ်ရပြီ။ သွားကယ်တော့ စစ်တပ်က စနိုက်ပါနဲ့ပစ်လိုက်တာ ကလေးတယောက်က လက်ပြင်အရှေ့ကနေ အနောက်ကို ပေါက်သွားတယ်" လို့ ထောက်ပို့လုပ်နေသူက ပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာအပြင် တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲတာတွေလုပ်နေလို့ ကောလင်းမြို့ဟာ နေအိမ်ပျက်စီးမှုများပြားပြီး ထိခိုက်သေဆုံးသူတွေ ပိုများနေတာလို့ ဆိုပါတယ်။ 

မြေပြင်ရဲဘော်တဦးက "စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ကြဲနေတာ။ ထွေအုပ်ရုံးပေါ်ကနေ စနိုက်ပါနဲ့ ချောင်းပြီးတော့ ပြည်သူတွေကို မျှားထားပြီး ထိုင်ပစ်နေတာ။ ပိတ်မိနေတဲ့ ပြည်သူ‌အတော်များတယ်" လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ၃ ရက်ဆက်တိုက် စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ထားပြီး မြို့တွင်းပိတ်မိနေတဲ့သူတွေထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေနိုင်တယ်လို့ ထောက်ပို့လုပ်နေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်း တိုက်ပွဲမှာတော့ တပ်ရင်း(၁)က အသက် ၂၀ ကျော်အရွယ် တပ်စုမှူး တဦး အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းစဥ်မှာ ကျဆုံးသွားပြီး ဒဏ်ရာရရဲဘော် ၅ ဦးရှိတယ်လို့သိရပါတယ်။

ပုံစာ - ကောလင်းမြို့နယ်ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စခန်းအတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး #မြို့သိမ်းတိုက်ပွဲ #စနိုက်ပါ #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10