ကောလင်းမြို့နယ် ခံသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းနဲ့ သေနတ် ၁ လက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ခံသာကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာထဲကနေ ပြန်လည်ဆုတ်ခွာသွားတဲ့အခါမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းနဲ့ MA သေနတ် ၁ လက်ရရှိခဲ့တယ်လို့ ကောလင်းမြို့နယ်ပကဖဆီက သိရပါတယ်။

မတ် ၂ ရက်က ကောလင်းမြို့နယ်၊ ကျောက်တန်းရွာဘက်ကနေ အရှေ့ဘက် ၁ မိုင်အကွာက ခံသာကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် မတ် ၃ ရက်မှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ခံသာကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး အဲဒီ မတ် ၃ ရက်တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အသေအဆုံးရှိခဲ့ပြီး အလောင်းတွေကို ခံသာကျေးရွာက နေအိမ်ပေါ်တင်ကာ မီးရှို့ခဲ့သေးတယ်လို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ် ၄ ရက်မှာလည်း ခံသာကျေးရွာက နေအိမ် ၆ လုံးကို မီးရှို့ပြီး ကျောက်တန်းကျေးရွာဘက်ကို ပြန်လည်ထွက်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်တန်းကျေးရွာမှာရှိနေသေးတာကြောင့် ရွှေဘို-မြစ်ကြီးနားကားလမ်းကို ပိတ်ထားရဆဲဖြစ်ပြီး လမ်းမှာကားတွေတန်းစီစောင့်နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်မှာ အဲဒီစစ်ကြောင်းကပဲ ကျောက်တန်းလမ်းဆုံအနီးက ငါးကြီးအိုင်ရွာကို မီးရှိူ့ခဲ့ပြီး ဆိုင်ကယ်နဲ့ ခရီးသွားလာနေတဲ့ အသက် ၂၀ ကနေ ၂၅ နှစ်ကြားရှိ လူငယ် ၂ ဦး၊ အသက် ၃၅ နှစ်အရွယ် လူလတ်ပိုင်းအမျိုးသား ၁ ဦး တို့ကိုသတ်ဖြတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့နယ် #ခံသာကျေးရွာ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10