ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရလို့ စစ်သားတဦးသေပြီး၊ ရဲတဦးဒဏ်ရာရ

ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရလို့ စစ်သားတဦးသေပြီး၊ ရဲတဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ ကင်းစောင့်ပြီးပြန်လာကြတဲ့ စစ်ကောင်စီတပ်သားတဦးနဲ့ ရဲတပ်သားတဦးကို ဇွန်လ ၂၄ ရက်မနက် ၅ နာရီလောက်မှာ မိုင်းဆွဲခဲ့တာကြောင့် စစ်သားသေပြီး ရဲမှာ ဒဏ်ရာရသွားတယ်လို့ The Secret Warrior Kawlin အဖွဲ့က ပြောပါတယ်။

သူတို့  ၂ ဦးဟာ ကောလင်းမြို့ ရုပ်ရှင်ရုံမှာ ကင်းစောင့်ပြီးပြန်လာချိန် KBZ ဘဏ်(၂)အနီး အရောက်မှာ မိုင်း ၁ လုံးဆွဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

"သေတာက စစ်သားပါ။ ဒဏ်ရာရတာက ရဲပါဗျ။ သေတဲ့စစ်သားက ခမရ(၃၆၉)ကလို့ သိရပါတယ်"လို့ The Secret Warrior Kawlinမှ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

မိုင်းဆွဲတိုက်ချိန်အတွင်း အနီးမှာရှိနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတဦးကို မိုင်းစတွေ ထိမှန်ခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူး လို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက အခင်းဖြစ်ပွားရာနေရာကို ကားတစီးနဲ့ရောက်လာပြီး သေဆုံးသွားတဲ့စစ်သားနဲ့ ဒဏ်ရာရရဲတပ်သားကို ခေါ်ဆောင်လာချိန် ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး ကျည်ထိမှန်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ကောလင်းမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားချိန်အတွင်း The Secret Warrior Kawlim တပ်ဖွဲ့ဝင်တွေက ပြောက်ကျားလှုပ်ရှားခဲ့တာဖြစ်ပြီး ထိခိုက်သူ ပြည်သူတွေအတွက် အလွန်ပင်စိတ်ထိခိုက်ရတယ်လို့ ဇွန်လ ၂၆ ရက်ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၉ ရက်မှာလည်း ကောလင်းနယ်၊ သစ်ကုန်းကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို The Secret Warrior Kawlin အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - The Secret Warrior Kawlin တပ်ဖွဲ့ဝင်တချို့။

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #The_Secret_Warrior_Kawlinမ #စစ်သားနဲ့ရဲ #မိုင်းဆွဲတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10