ကောလင်းမြို့မှာ စစ်တပ်က လေကြောင်းက ပစ်ခတ်နေလို့ မြို့ခံတွေ ပိတ်မိနေ

ကောလင်းမြို့မှာ စစ်တပ်က လေကြောင်းက ပစ်ခတ်နေလို့ မြို့ခံတွေ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ နေရာတွေနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ကောလင်းမြို့ပေါ်မှာ မြို့ခံတွေ ပိတ်မိနေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကောလင်းမြို့ပေါ်က မြို့မရဲစခန်းအပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်တပ် တပ်စွဲထားတဲ့ အထက်တန်းကျောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့ မနက် ၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကလည်း မနက် ၈ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူယူပြီး တိုက်ခိုက်ခဲ့ရပါတယ်။ 

"မနက်က လေကြောင်းပစ်ခတ်မှုက ပြည်သူတွေတော်တော်ထိတယ်။ ကျော်ဇေယျရပ်ကွက်က အမျိုးသမီးတဦး ထိမှန်သေဆုံးပြီး သားဖြစ်သူ ဆေးကုနေရတယ်"လို့ ကောလင်းမြို့ခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ သားဖြစ်သူနဲ့အတူ မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားရာက လေကြောင်းပစ်ခတ်မှုမှာ ထိမှန်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ 

မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် မြို့ခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ရှောင်ပြေးကြဖို့ ကြိုးစားနေကြပြီး မြို့နယ် ပကဖ၊ ပအဖအဖွဲ့တွေကလည်း မြို့ခံတွေကို ခေါ်ထုတ်နိုင်ဖို့ ကြိုစားနေကြတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်အထိ ကောလင်းမြို့အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက်တန်းကျောင်းတို့ကို သိမ်းနိုင်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

ရဲစခန်းမှ အချုပ်ခန်းကိုလည်း မနက်ပိုင်းကတည်းက ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသားအားလုံးကို လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

လေကြောင်းလာတိုက်ချိန်မှာ အထက်တန်းကျောင်းထဲက စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်ထွေအုပ်ရုံးထဲကို ပူးပေါင်းသွားတယ်လို့ သိရပါတယ်။

"ထွေအုပ်ရုံးနားကို ရောက်နေပြီ။ ရဲစခန်းကလည်း ဘန်ကာ ၂ ခုလောက်ပဲကျန်တော့တယ်။ မြို့တွင်းမှာ ဘန်ကာတွေလောက်ပဲ ကျန်ပါတော့တယ်" လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ ရဲစခန်းကိုဝင်ရောက်စီးနင်းချိန်မှာ စစ်တပ်ကလေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးရဲဘော်တချို့လည်း ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။

ဝန်းသိုမြို့ဘက်ကနေလည်း ရဲစခန်းဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီကလည်း ဒီနေ့ညနေပိုင်းမှာ ကောလင်းမြို့အရှေ့ဘက်က နတ်ကြီးကုန်းကျေးရွာဘက်ကို လေယာဥ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပုံ - Kawlin info။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းပစ်ကူ #အရပ်သား #ထိမှန် #သေဆုံး #ဒဏ်ရာရ #ဒေသကာကွယ်ရေးတပ် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10