ကောလင်းမြို့မှာ မူးယစ်ဆေးရောင်းချသူ ၅ ဦးကို ဆေးပစ္စည်းတွေနဲ့အတူ NUG က ဖမ်းဆီးရမိ

ကောလင်းမြို့မှာ မူးယစ်ဆေးရောင်းချသူ ၅ ဦးကို ဆေးပစ္စည်းတွေနဲ့အတူ NUG က ဖမ်းဆီးရမိ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကောလင်းမြို့မှာ မူးယစ်ဆေးပစ္စည်း ရောင်းဝယ်ဖောက်ကားနေသူတွေကို လိုက်လံဖမ်းဆီးရာ တရားခံ ၅ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နဲ့  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)Zone(3)တို့ ပူးပေါင်းပြီး မူးယစ်ဆေးရောင်ချနေသူတွေကိုဖမ်းဆီးရာ ဒီဇင်ဘာ ၆ ရက်မှာ အမျိုးသား ၃ဦး၊ ၇ ရက်မှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

"သူတို့ကို ဘယ်လိုအရေးယူထားလဲဆိုတာကိုတော့ ပလဖက မချပြသေးဘူး။ ကျနော်တို့ကလည်း ပလဖကို မေးလို့ မရသေးဘူးဖြစ်နေတယ်" လို့ ကောလင်း PDFမှ ရဲဘော်တဦးက ပြောပါတယ်။

ကောလင်းမြို့ပြည်သူ့လုံခြုံရေးအဖွဲ့ကို မြေလတ်အသံက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။  

ဖမ်းဆီးရရှိသူ ၅ ဦးကတော့ ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်မှ စည်သူလွင်(ခ)အီတူး၊ သုဝဏ္ဏရပ်ကွက်မှ ကိုဝင်းမြင့်၊ မြောက်အင်းရပ်မှ လင်မယား၂ ဦးဖြစ်တဲ့ ဦးရဲရင့်အောင်နဲ့ ဒေါ်မြစန်းဌေး၊ ဆည်တိုကျေးရွာမှ ငဗျော် တို့ဖြစ်ပြီး သူတို့ကို လက်ဝယ်ထားရှိတဲ့ မူးယစ်ဆေးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရားခံ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ပစ္စည်းတွေကတော့ ဘိန်းဖြူ ဒိန်ချဥ်ဘူးသေး ၁ဘူး၊ ငွေသား ၁ သိန်းခွဲကျပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၇၃ခွက်၊ ဘိန်းဖြူထည့်ထားတဲ့ Grand အရက် ၁ ပုလင်း၊ အုန်းဆီဘူးသေး ၁ ဘူး၊ ငွေစက္ကူ ၂၈ သိန်း၊ ရွှေဟုယူဆရတဲ့ နားဆွဲ ၃ ခု၊ Tecno ဖုန်း ၁လုံး၊ ပန်းရောင်အိတ် ၁လုံး၊ ဘိန်းမဲ ၅၀ ကျပ်သား ၁ထုပ်နဲ့ ၂၅ကျပ်သား ၁ထုပ်၊ WYဆေးပြား ၁ထုပ်လျှင် ၂၀၀ခန့်ပါ အထုပ်ပေါင်း ၁၆၇ထုပ်၊ လက်စွပ် ၃ကွင်း၊ ဆွဲကြိုး ၃ကုံး၊ လက်ကောက် ၁ကွင်း၊ ဆံထိုး ၁ ခု၊ ပီချုး ၁ ခု(ရွှေဟုယူဆရ)၊ ငွေသား ၂၈,၈၂၅,၀၀၀ ကျပ် တို့ ဖြစ်ကြတယ်လို့ Kawlin Revolution-KRက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၆ ရက်က ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာ ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားများကို အမျိုးသားညီညွတ်ရေး အစိုးရက ကိုင်တွယ်အုပ်ချုပ်နေတာဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#NUG #ကောလင်းမြို့ #မူးယစ်ဆေး #စစ်ကိုင်း #ပလဖ #ပကဖ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10