ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ပျောက်ဆုံးသွားတဲ့ ကလေး ၂ ယောက်ကို ရှာမတွေ့သေး

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ပျောက်ဆုံးသွားတဲ့ ကလေး ၂ ယောက်ကို ရှာမတွေ့သေး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ ပျောက်သွားတဲ့ကလေးငယ် ၂ ယောက်ကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ကောလင်းမြို့ကို တိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက်မှာ မြို့ခံပြည်သူတွေ ထွက်ပြေးကြချိန် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေး မောင်နှမ ၂ ယောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

"အခုထိတော့ အစအနရှာလို့ မတွေ့သေးပါဘူး။ ကလေး ၂ ယောက်နဲ့ ပတ်သက်ပြီး ဒီလောက်ပဲဖြေပါရစေ" လို့ ကလေး ၂ ယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ လေယာဥ်နဲ့ ၁၅ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၂ လုံး လုံးဝပျက်စီးခဲ့သလို ပြည်သူ ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

တအိမ်လုံးပျက်စီးသွားတဲ့ လူနေအိမ်တွေကတော့ အောင်သပြေရပ်ကွက်မှ ၄ လုံး၊ မြို့ကုန်ရပ်ကွက်မှ ၄ လုံး၊ ကျော်ဇောယျာရပ်ကွက် အောင်ချမ်းသာအပိုင်းမှ ၄ လုံးတို့ ဖြစ်ကြပြီး ထိခိုက်ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကတော့ အများကြီးရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"မနေ့(နိုဝင်ဘာ ၉)ကစလို့ ပြည်သူတွေကို မြို့ထဲဝင်ခွင့်ပြုထားပြီ။ တချို့ကလည်း ဝင်တယ်။ တချို့ကလည်း မဝင်ရဲသေးကြဘူး" လို့ ကောလင်းမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးသေဆုံးပြီး ၂၁ ဦး လက်နက်ချကာ သေနတ်အလက် ၆၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရုံးက နိုဝင်ဘာ ၁၀ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ကာ ၅ ရက်အထိ ၃ ရက်ကြာ တိုက်ခိုက်ခဲ့ ပြီးနောက် ၆ ရက် မနက်မှာ မြို့တခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ - တိုက်ပွဲအတွင်း လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကောလင်းမြို့ပေါ်မှ နေအိမ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #ကလေးပျောက်ဆုံး #PDF  #မြေလတ်သတင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10