ကောလင်းမြို့ဟာ မြို့ပျက်ကြီးလိုဖြစ်နေ၊ မြို့စွန် ရပ်ကွက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကောလင်းမြို့ဟာ မြို့ပျက်ကြီးလိုဖြစ်နေ၊ မြို့စွန် ရပ်ကွက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ကြေညာကာ နွေဦးဖွံ့ဖြိုးရေးဘဏ်ဖွင့်လှစ်ဖို့ အထိပါ ကြိုးစားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပြီး မြို့ကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကောလင်းမြို့ဟာ မြို့ပျက်ကြီးလိုဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက ကောလင်းမြို့ပေါ်မှာ နေ့စဉ် မီးရှို့မှုတွေလုပ်နေပြီး တဲကြီးကုန်း၊ ယမ၊ ကျော်ဇေယျာ ၁ရပ်ကွက်နဲ့ ၂ရပ်ကွက်တို့ မီးရှို့ခံထားရပြီး ယမရွာနားက ရွှေလှံတံတားလည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ ပျူစောထီးတပ်တွေဟာ ဖေဖော်ဝါရီ ၃ ရက်မှစတင်ကာ ကောလင်းမြို့ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်လိုက်ကြတာဖြစ် ပါတယ်။ 

“အင်အားကတော့ ခန့်မှန်းလို့ မရဘူး။ မြို့ပေါ်နေရာတော်တော်များများမှာရှိတယ်။ မီးကလည်း နေ့တိုင်းရှို့တယ်။ အဓိက မြို့ထဲကို ဝင်ဖို့လမ်းကြောင်းကို ဖြတ်တောက်ရေးလုပ်တာပေါ့။” လို့ ကောလင်းမြေပြင်တပ်ဖွဲ့တခုရဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေ ကောလင်းမြို့ထဲကိုဝင်ရောက်ပြီးတဲ့နောက်မှာတော့ မြို့နားတဝိုက်ပတ်ချာလည်က ရပ်ကွက်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ 

ကောလင်းမြို့အပြင်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပတ်ချာလည်ဝိုင်းထားတဲ့အခြေအနေဖြစ်ပေမယ့် “ မြို့ ပျက်ပြီလို့ ပြောလို့ရပြီပေါ့” လို့  တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မှတ်ချက်ပြုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကောလင်းမြို့ထဲ ပြန်လည်ဝင်ရောက်လာပါက အလွယ်အကူဝင်လို့ မရနိုင်အောင် မြို့ဝင်လမ်းကြောင်းတွေကို ဖြတ်တောက်တာနဲ့ မြို့စွန်ရပ်ကွက်တွေကို မီးရှို့တာတွေ စစ်ကောင်စီတွေက ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ 

ကောလင်းမြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ဒေသလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာ ၆ ရက်မှာ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီလိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို နို၀င်ဘာ ၈ ရက်မှာ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးအတွက် တာ၀န်ပေးအပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ကောလင်းမြို့ရှိ ဘဏ်တွေက သိမ်းဆည်းရရှိတဲ့ ကျပ်သိန်းပေါင်း ၉,၀၀၀ ကျော်ကို ပြည်သူလူထု နစ်နာဆုံးရှုံးမှုမရှိအောင် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေတယ်လို့ NUG က ထုတ်ပြန်ကြေညာခဲ့ပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်ဖွင့်လှစ်ဖို့အထိ ကြိုးစားခဲ့ကြပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေက ကောလင်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလဒေသန္တရအုပ်ချုပ်ရေးဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်ကတည်းက ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လာမှာကို ကြိုတင်တွေးထားပြီးသားဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ ကောလင်းမြို့ခံတဦးက ပြောပါတယ်။ 

“အဲဒီလိုတွေ လုပ်နေကတည်းက ငါတို့ကောလင်းမြို့တော့ ပြာကျတော့မှာပဲဆိုတာ ကြိုတွေးထားပြီးသား” လို့ သူက ပြောပါတယ်။ 

ပုံစာ - ကောလင်းမြို့ မီးရှို့ခံနေရသည့် မြင်ကွင်း။ (Kawlin Revolution-KR)

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #ကြားကာလဒေသန္တရအုပ်ချုပ်ရေး #နွေဦးဖွံ့ဖြိုးရေးဘဏ် #စစ်ကိုင်းတိုင်း #ကောလင်းမြို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10