ကောလင်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး နှလုံးရပ်သေဆုံး

ကောလင်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး နှလုံးရပ်သေဆုံး

 

ကောလင်းမြို့အနီးကကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသားတဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ မြို့နယ်ပကဖဆီက နေသိရပါတယ်။

မတ်လ ၈ ရက်က ကောလင်းမြို့ရဲ့အရှေ့ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ကန်လယ်ကြီးကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံးခန့်သာ ကျန်ရှိတယ်လို့ မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

"မြို့နဲ့ နီးလို့ PDF ဝင်လာနိုင်တဲ့လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် မီးရှို့တယ်လို့တော့ ကျနော် တို့ ခန့်မှန်းရပါတယ်" လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

မတ်လ ၉ ရက် နေ့လယ် ၂ နာရီကျော်မှာလည်း ကောလင်းမြို့ထဲကနေ ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကောလင်းမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာက ကုက္ကိုကုန်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၆၀ အရွယ်အမျိုးသားတဦး နှလုံးရပ်သေဆုံးသွားခဲ့သလို တိရစ္ဆာန်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ 

ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလထဲမှာ ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း ကုက္ကိုကုန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကုက္ကိုကုန်းကျေးရွာရှိ ဆေးခန်းအဆောက်အဦတွေ ပျက်စီးပြီး ဆေးဝါးတွေ ဆုံးရှုံးခဲ့ရပါသေးတယ်။ 

ကောလင်းမြို့အနီးက ကျောက်တန်းကျေးရွာကိုလည်း မတ်လ ၉ ရက်မှာ စစ်ကောင်စီက ဝင်ရောက် မီးရှို့နေပြီး စစ်ကောင်စီတပ်တွေ ရွာထဲမှာ ရှိနေသေးတာကြောင့် ဆုံးရှုံးမှုအရေအတွက်ကို မသိရသေးဘူးလို့ဆိုပါတယ်။

ကောလင်းမြို့ကို စစ်တပ်ကပြန်လည်သိမ်းယူသွားပြီးနောက် မြို့နဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်ကလည်းကျေးရွာ ၄ ရွာထပ် မနည်း မီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။

ပုံစာ-လေကြောင်းက ဗုံးကြဲတာကြောင့် ပျက်စီးသွားတဲ့ ကုက္ကိုကုန်းကျေးရွာက အဆောက်အဦ။ (ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ကောလင်းမြို့ #စစ်တပ် #မီးရှို့ဖျက်ဆီး #လက်နက်ကြီး #နှလုံးရပ်သေဆုံး #မြို့နယ်ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10