ကောလင်းမှာ လေကြောင်းကဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံး

ကောလင်းမှာ လေကြောင်းကဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး အဆောက်အဦတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၁ နာရီခွဲမှာ ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ ဥက္ကံကျေးရွာ မြောက်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ 

“ပြည်သူတွေ ထိတာ၊ ကားဝပ်ရှော့ကို တည့်တည့်ကျလိုက်တာ၊ သေဆုံးက အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးက စိစစ်ဆဲ။”လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဥက္ကံကျေးရွာက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးကာ အလောင်းတချို့ကပျက်စီးခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေကို အတိအကျရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ရွာမြောက်ပိုင်းရှိ ကားဝပ်ရှော့ထဲက ဆီသိုလှောင်ရုံနဲ့ တွင်ခုံအဆောက်အဦကိုလည်း ဗုံးကျရောက်ပေါက်ကွဲတဲ့အတွက် ဆီပေပါတွေနဲ့ ကုန်တင်ကားတချို့ မီးလောင်ကာ အနီးနားက အဆောက်အဦတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဥက္ကံကျေးရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လွတ်လပ်နယ်မြေဖြစ်နေတဲ့အတွက် လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။

စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီကျော်ကလည်း ဥက္ကံကျေးရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ရွာသစ်ကျေးရွာကို လေကြောင်းတိုက််ခိုက်ခဲ့တာကြောင့် ပြည်သူတဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၂၈ ရက်ကလည်း ဥက္ကံကျေးရွာနဲ့ ၁ မိုင်ခန့်သာဝေးတဲ့ တဂေါင်းအိုင်ကျေးရွာကို နမခက တက်လာတဲ့ Mi 35 နဲ့ ဟုမ္မလင်းဘက်ကလာတဲ့ Mi 2 ၂ စီးပေါင်းကာ ၁၄ ကြိမ်ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တဦး ခြေထောက်ထိမှန်ခဲ့ပြီး ဖြတ်တောက်ရမယ့် အနေထားရှိတယ်လို့ ဆိုပါတယ်။

ကောလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ  ၃ ရက်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံးကာ ၁၅ ဦးကျော် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

အဆိုပါ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာ ၃ ရွာက အိမ်ခြေ ၃၀ ကျော်လောက်လည်း ပျက်စီးဆုံးရှုံးခဲ့ကာ ဒေသခံတွေလည်း နေရပ်ကနေ တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့တာဝန်ခံ ကိုသဲကြီ ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #ဥက္ကံ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10