ကောလင်းမှာ ၃ ရက်ဆက်တိုက် လေကြောင်းကြဲခံရလို့ ၇ ဦးသေ ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီး စိုးရိမ်ရတဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ တဂေါင်းအိုင်ရွာ၊ ၂၉ ရက်မှာ ရွာသစ်ရွာ၊ ၃၀  ရက်မှာ ဥက္ကံရွာတို့ကို လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ ဈေးဆိုင်နေရာတွေကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

၃ ရက်ဆက်တိုက် ပစ်ခတ်မှုအတွင်း ဦးသိန်းမြင့် ၆၅ နှစ်(ကောလင်း)၊ ဦးကျော်အောင် ၅၃ နှစ် (တဂေါင်းအိုင်)၊ ကိုသောင်းထိုက်ဦး ၃၈ နှစ် (ကောလင်း)၊ ကိုသန့်ဇင်စိုး ၂၄ နှစ် (ကောလင်း)၊ ဒေါ်ရွှေလှိုင် ၅၂ နှစ် (ဥက္ကံ)၊ မစန္ဒာခိုင် ၂၃ နှစ် (ဥက္ကံ)နဲ့ အမည်မသိ အမျိုးသား ၁ ဦး၊ စုစုပေါင်း ပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အမေနဲ့ ညီမက ပွဲချင်းပြီး သေဆုံးသွားတာကြောင့် အမဖြစ်သူတဦးထဲ အသက်ရှင်ကျန်ရစ်တဲ့ အိမ်ထောင်စုတစု ပါဝင်ပြီး ကျန်တဲ့သေဆုံးသူတွေကတော့ အနီးနားရွာတွေကနေ ဈေးဝယ်လာရင်း ဗုံးစထိမှန် သေဆုံးကြတာဖြစ်သလို အမျိုးသားတဦးကတော့ ဦးခေါင်းပြတ်ထွက် ကြေမွနေတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရွာသစ်ရွာက ဦးဇော်မြင့် ၅၅ နှစ် ရင်ဘတ်ဗုံးစဖောက်ဝင်(စိုးရိမ်ရ ဒဏ်ရာ)၊ မနွေးနွေးဝင်း ၂၇ နှစ် မျက်နှာစုတ်ပြတ် (ပြင်းထန်ဒဏ်ရာ)၊ ဒေါ်ဝင်းမာ  ၅၅ နှစ်၊ ကိုချမ်းဝင်းဇော် ၂၉ နှစ်၊ ဥက္ကံရွာက မပန်းအိခိုင် ၂၅ နှစ် (ညာခြေချင်းဝတ်ပြတ်တောက် ဒဏ်ရာ)၊ အမည်မသိအမျိုးသမီး ၂ ဦးနဲ့ ၁၀ နှစ်အောက် ကလေး ၂ ဦး၊  တဂေါင်းအိုင်ရွာက အသက် ၁၀ နှစ်ကျော် မခိုင်သဇင်ဝင်း( ခြေထောက်ပြတ်တောက်နိုင်ချေရှိ ဒဏ်ရာ) စုစုပေါင်း ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဘလူနဲ့ ကျွန်းလှက ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ “ကျွန်းလှမီးအိမ်ရှင်” တယ်လီဂရန်ချန်နယ်မှာ အဆိုပါကျေးရွာတွေကို လေကြောင်းနဲ့ တိုက်ခိုက်ပေးဖို့ ပြောဆိုတာတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ် လမ်းကြောတဆက်ထဲမှာရှိတဲ့ ပင်းတဲ၊ မကျီးကုန်း၊ ရွာသစ်၊ တဂေါင်းအိုင်၊ ဥက္ကံ စတဲ့ရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတာလို့ သိရပါတယ်။

ကောလင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရွာသစ်ရွာက နွား ၄ ကောင်၊ ဝက် ၃ ကောင်၊ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ပြီး  ဥက္ကံရွာက အိမ် ၈ လုံး၊ ဆိုင်ကယ် ၁၂ စီး၊ ဆီသယ်ကားကြီး ၃ စီး၊ အိမ်စီးကား ၃ စီး၊ တွင်ခုံက မီးစက်ဒိုင်နမို ၆ လုံး၊ လောင်စာဆီပေပါ ၆၉ လုံး၊ စာစီစာရိုက် ကွန်ပျူတာပစ္စည်းမျိုးစုံနဲ့ ကုန်စုံဆိုင်ပစ္စည်းတွေ စုစုပေါင်း ကာလတန်ဖိုး သိန်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #လေ‌ကြောင်းတိုက်ခိုက်မှု #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10