ကောလင်းအနောက်ခြမ်းက ရွာ ၆ ရွာကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်နေလို့ ရွာခံတွေထွက်ပြေးနေရ

ကောလင်းအနောက်ခြမ်းက ရွာ ၆ ရွာကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်နေလို့ ရွာခံတွေထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်နေလို့ ရွာ ၆ ရွာက ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စက်တင်ဘာ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ ပျံတက်လာတဲ့  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးက ဗုံးကြဲတာအပြင် ရဟတ်ယာဉ်မှာပါတဲ့ လက်နက်အစုံနဲ့ လှည့်ပတ်ပစ်ခတ်နေတာလို့ ဆိုပါတယ်။  

“ ကောလင်းအနောက်ဘက်အခြမ်းကို လေကြောင်းနဲ့ ပစ်ခတ်မှုလုပ်သွားပါတယ်။ အခုလက်ရှိ အခြေအနေအရ ၅ ကြိမ်ရှိပါပြီ။ ကောလင်းအနောက်ခြမ်းက ရွာတွေကိုပစ်သွားတာပါ” လို့ ကောလင်း ပြည်သူမှပြည်သူသို့တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

လက်ရှိသတင်းရေးသားချိန်အထိ အဆိုပါရဟတ်ယာဉ်မှာ ကျေးရွာတွေအပေါ် ပျံသန်းနေဆဲဖြစ်လို့ ကောလင်းအနောက်ခြမ်းကျေးရွာတွေဖြစ်တဲ့ အုတ်ကန်၊ ချောင်းသာ၊ မိုးနိုင်၊ သရက်ချဉ်၊ မူးတိန်နဲ့ တကောင်းအိမ် စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“ အမှတ်တမဲ့ တိုက်ပွဲမဖြစ်ဘဲနဲ့ လာပစ်တာဆိုတော့ နေထိုင်ရာမရ ဆောက်တည်ရာမရ ကြုံရာနေရာတွေကို ထွက်ပြေးကြရတာ။ ပစ်ခံရတဲ့ရွာက ၆ ရွာလောက်ရှိတယ်၊ စစ်ရှောင်တွေလည်းရှိတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #လေကြောင်းတိုက်ခိုက် #အရပ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10