ကော့သောင်းဘက်ကလာတဲ့ စစ်ကူတွေ ကျောက်ကြီးကို စစ်ကြောင်းထိုးရမယ်ဆိုလို့ ၁၂ ဦးထွက်ပြေး

ကော့သောင်းဘက်ကလာတဲ့ စစ်ကူတွေ ကျောက်ကြီးကို စစ်ကြောင်းထိုးရမယ်ဆိုလို့ ၁၂ ဦးထွက်ပြေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေအတွင်းတပ်စခန်းတွေကို အင်အားဖြည့်လာတဲ့စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ဇန်နဝါရီ ၂၄ ရက်ညပိုင်းက စစ်ကြောင်းထွက်ချိန် လက်နက်တချို့ယူပြီး ထွက်ပြေးသွားတယ်လို့ တောင်ငူတပ်နယ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကော့သောင်းမြို့၊ ခမောက်ကြီးအခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၀) လက်အောက်တပ်တွေက စုစည်းထုတ်နုတ်ထားတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး တောင်ငူနဲ့ ဖြူးနယ်အကြားမှာ ဗိုလ်မှူးအဆင့် ၁ ဦးအပါ စစ်ကောင်စီတပ်သား ၁၂ ဦး သေနတ် ၃ လက်နဲ့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ ကျောက်ကြီးကို အင်အားဖြည့်ဖို့ ကော့သောင်းကနေ ရန်ကုန်ကိုသင်္ဘောနဲ့တဆင့်၊ ရန်ကုန်ဆိပ်ကမ်းကနေ ကားတွေနဲ့ခေါ်လာပြီး ပဲခူးမှာ တညအိပ်နားပြီးတော့ တောင်ငူကို ၂၄ ရက်နေ့မနက်ပိုင်းက ရောက်လာတယ် ။ အဲ့ဒီညပိုင်းမှာပဲ ဖြူးနယ်ထဲကို စစ်ကြောင်းထွက်ရတဲ့အချိန်ထွက်ပြေးကြတာ။ ထွက်ပြေးတာက တောင်ငူနဲ့ဖြူးကြားမှာလို့ သိရတယ် ” လို့ တောင်ငူတပ်နယ်ရှိ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ အင်အားဖြည့်စစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကော့သောင်းကထွက်ခွာလာစဉ် သွားရောက်ရမယ့်နေရာ ကြိုတင်မသိရဘဲ တောင်ငူနယ်ရောက်ရှိမှသာ ကျောက်ကြီးကိုပို့ဆောင်မှာကို သိရှိရလို့ စစ်ကြောင်းထွက်ချိန်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

လက်ရှိမှာ အဆိုပါစစ်ကြောင်းမှ လက်ကျန်စစ်ကောင်စီတပ်သားတွေဟာ ဖြူးနယ်အတွင်းကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှာဖွေတာတွေလုပ်ဆောင်နေတယ် သိရပါတယ်။

တောင်ငူနဲ့ ကျောက်ကြီးနယ်အတွင်းက စစ်တပ်စခန်းတွေမှာ စကခ ၂၀ နဲ့လက်အောက်ခံတပ်တချို့ တိုက်ခိုက်ရေးဝင်ရောက်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကလည်း ပြောဆိုထားပြီး တောင်ငူနယ်အတွင်း စကခ ၂၀ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့စခန်း ၃ ခု ကို ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှာ စွန့်ခွာထွက်ပြေးသွားတယ်လို့လည်း  KNU က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ယခုလဒုတိယပတ်အတွင်း စစ်ကြောင်းထွက်နေသည့် စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်(ပုံဟောင်း)

#မြေလတ်အသံ

#တောင်ငူ #အင်အားဖြည့်စစ်ကြောင်း #စစ်ကောင်စီတပ် #စကခ၂၀ #စစ်သား၁၂ဦး #ထွက်ပြေး #ကျောက်ကြီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10