ကံဇီးပျူရွာကို PDF က ဝင်ရောက်စီးနင်းပြီး ပျူရွာခံ ၁၂ ဦးကိုဖမ်းဆီး၊ လာကယ်တဲ့ စစ်အုပ်စုကို မိုင်းဆွဲလို့ ၂ ဦးသေဆုံးဟုဆို

ကံဇီးပျူရွာကို PDF က ဝင်ရောက်စီးနင်းပြီး ပျူရွာခံ ၁၂ ဦးကိုဖမ်းဆီး၊ လာကယ်တဲ့ စစ်အုပ်စုကို မိုင်းဆွဲလို့ ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာဖြစ်တဲ့ ကံဇီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ရွာခံ ၁၂ ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာခရိုင်အခြေပြု  We Must Win ပြောက်ကျားတပ်ထံကသိရပါတယ်။

ဇွန်လ ၁၃ ရက် မနက် ၈ နာရီခန့်မှာ ကံဇီးကျေးရွာထဲကို PDF  ပူးပေါင်းတပ်တွေက လျှပ်တပြက်ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီးတွေဘက်က ပြန်လည်မခုခံနိုင်ဘဲ ကင်းမွန်တော်ရွာဘက်ကို ထွက်ပြေးဆုတ်သွားခဲ့လို့ ရွာသား ၁၂ ဦးကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"သူတို့(ပျူစောထီး)ရွာကို ဝင်စီးတဲ့အချိန် ပျူတွေက ထွက်ပြေးကြလို့ ပျူရွာသားတွေကိုပဲ ဖမ်းခေါ်လာနိုင်ခဲ့တယ်” လို့ We Must Win ပြောက်ကျားတပ်တာဝန်ခံ ဗိုလ်ထန်းသီးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ပျူရွာသားတွေကို ကယ်ဆယ်ရေးလုပ်ဖို့လာတဲ့ စစ်အုပ်စုကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့လို့ စစ်အုပ်စုအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ သူက ဆိုပါတယ်။

“လာကယ်မယ်ဆိုတာသိလို့ သူတို့လာနိုင်မယ်ထင်တဲ့ ရွာပြင်လမ်းမှာ မိုင်းထောင်ခဲ့တယ်။ အဲဒါကို ဖမ်းခံထိသူတွေကို ပြန်ကယ်ဖို့ဆိုပြီး လိုက်လာတဲ့ ပျူနဲ့ စကစအဖွဲ့က မိုင်းထပ်ထိတယ်"လို့ ဗိုလ်ထန်းသီး က ပြောပါတယ်။

ဖမ်းဆီးလာတဲ့ ကံဇီးပျူရွာသား ၁၂ ဦးမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေးငယ် ၄ ဦးတို့ ဖြစ်ပြီး သူတို့ကို ပျူစောထီးအဖွဲ့တွေနဲ့ ပတ်သတ်ဆက်နွယ်မှုအခြေအနေတွေကို ထိန်းသိမ်းစစ်ဆေးနေကာ စစ်ဆေးမှုတွေပြီးရင် ချောင်းဦးပကဖအဖွဲ့ထံ လွှဲပြောင်းပေးသွားမှာဖြစ်ကာ ပကဖ က အစီစဥ်အတိုင်း ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်တပ်ရင်း ၁၇၊ Aung San Force မုံရွာခရိုင်တပ်ရင်း ၅၊  We Must Win ပြောက်ကျားတပ်၊ မြင်းခြံခရိုင် တပ်ရင်း ၅ က ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ကံဇီးပျူရွာကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ ပျူတွေဘက်က ၅ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #ချောင်းဦး #PDF #ပျူစောထီး #ဖမ်းဆီးခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10