ကံဇီးရွာကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းတချို့ကိုဖမ်းမိကာ လက်နက်ခဲယမ်းတွေပါရရှိခဲ့

ကံဇီးရွာကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းတချို့ကိုဖမ်းမိကာ လက်နက်ခဲယမ်းတွေပါရရှိခဲ့

စစ်ကောင်စီနဲ့ ပျူစောထီးတွေအထိုင်ချတပ်စွဲနေတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာကို ဒေသခံကာကွယ်ရေးတပ်တွေဘက်က စက်တင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အရှင်ဖမ်းမိသူတွေရှိသလို လက်နက်ခဲယမ်းတွေလည်းရရှိခဲ့တယ်လို့ ချောင်းဦးဒေသခံ ရဲဘော်တဦးဆီက သိရပါတယ်။ 

“လက်နက်ခဲယမ်း ရတယ်၊ သုံ့ပန်းရတယ်။ ကံဇီး ပျူရွာထဲကနေ ထွက်လာဖို့ ထုတ်ပြန်ထားတာကြာပြီ။ ခုချိန်ထိအောင် နေနေဆဲ၊ လက်နက်မကိုင်ဘဲ ပျူရွာထဲမှာ နေတဲ့သူ ၃၀ ကျော်ရယ်၊ ရခ ၁ ကောင်ရယ်၊ လက်နက်တွေရယ် ရတယ်။”လို့ မြေပြင်အခြေအနေကိုသိရှိသူ ချောင်းဦးဒေသခံရဲဘော်တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် မနေ့ကမနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ လက်နက်သံတွေစတင်ကြားရပြီး နေ့လယ်ပိုင်းမှာတော့ ပစ်ခတ်မှုတွေငြိမ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ကံဇီးရွာတိုက်ခိုက်ခံရမှုအတွင်း ရဲ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံးပြီး၊ ရဲ ၁ ဦး၊ ပျူစောထီး ၂ ဦး၊ ရွာသား ၃၀ ကျော် ဖမ်းဆီးခံရကာ ကာဘိုင် ၈ လက်၊ G 3 ၁ လက်၊ ကျည် ၅၀၀၀ ဆုံးရှုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

ကံဇီးရွာဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ရွာထဲဝင်ထွက်ခွင့်ကိုကန့်သတ်လိုက်ပြီး စစ်ကောင်စီနဲ့ပျူစောထီး သီးသန့်တပ်စွဲထားတဲ့ရွာဖြစ်ကာ ပျူစောထီးအင်အားကောင်းတဲ့ ကင်မွန်းတော်ရွာနဲ့လည်း တမိုင်ဝန်းကျင်လောက်ပဲ ကွာဝေးတယ်လို့ ဆိုပါတယ်။

“ဖြတ် ၄ ဖြတ် လုပ်ထားတာတွေ ရှိတဲ့အခါမှာ တော်တော် weak(အားနည်း)သွားတယ်။ နောက်ပိုင်းမှာတော့ သူတို့ ခံစစ်ကောင်းကောင်းပြင်ပြီး ၂ ရွာ ၁ ရွာပေါင်း၊ အဓိက ခံစစ်အမာခံကတော့ ကင်မွန်းတော်ပေါ့ဗျာ။ ကံဇီးကတော့ ကာကင်းပုံစံမျိုးပေါ့။”လို့  ချောင်းဦးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ ကံဇီး၊ ကင်မွန်းတော်၊ ကံကြီးကုန်း စတဲ့ ပျူစောထီးရွာ ၃ ရွာရှိပြီး မြို့နဲ့ ၉ မိုင်ကျော်ဝေးတဲ့ ကံကြီးကုန်းရွာက ပျူစောထီးအင်အား အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကနေ ၃၀ ရက်အထိ ပျူစောထီးအင်အားအကောင်းဆုံးဖြစ်တဲ့ ကံကြီးကုန်းရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမယ့် ရေကြောင်းရော လေကြောင်းကပါ စစ်ကူပေးပစ်ခတ်တာကြောင့် နောက်ဆုံးလက်ကျန် ဘန်ကာတခုကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရ ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #ကံဇီးရွာ #တိုက်ခိုက်သိမ်းပိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10