ကံမနယ် ရခိုင်ရိုးမမှာ မုန်ယိုနေတဲ့ဆင်က လူ ၄ ဦးကိုနင်းသတ် မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းထား

ကံမနယ် ရခိုင်ရိုးမမှာ မုန်ယိုနေတဲ့ဆင်က လူ ၄ ဦးကိုနင်းသတ် မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းထား

မကွေးတိုင်း၊ ကံမမြို့နယ်၊ စီရွာ အနီးက ရခိုင်ရိုးမထဲမှာ မုန်ယိုနေတဲ့စွယ်စုံဆင်တကောင်က တောတဲမှာအိပ်နေတဲ့ လူ ၄ ဦးကို နင်းသတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီဆင်ဟာ စီရွာက ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်တကောင်ဖြစ်ပြီး မုန်ယိုနေတာကြောင့် ဒေသအတွင်းကို သတိပေးထားသော်လည်း လွတ်ထွက်သွားပြီး တောတဲမှာ အိပ်ပျော်နေတဲ့ မိသားစုကို ဒီဇင်ဘာလဆန်းက နင်းသတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဆင်ကစီရွာက မုန်ယိုနေတဲ့အတွက် လွတ်နေတယ်။ အဲ့ဒါကြောင့် တောဘက်ကိုမတက်ဖို့ ကြေညာထားတယ်၊ နင်းခံလိုက်ရတဲ့သူတွေက သရက်ချောင်းဘက်က တောထဲကို မီးသွေးဖုတ်ဖို့ တက်တယ်နဲ့ တူတယ်။ ဆင်က ညဘက်ကို သူတို့နေတဲ့တဲကို နင်းတာ ကလေးက ကျန်ခဲ့တယ် နောက်ရက်မှာ စကစ ဘက်က ဆင်ကိုဖမ်းထားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

နင်းခံရလို့ သေဆုံးသူတွေဟာ မိသားစုဝင်တွေဖြစ်တဲ့ အမျိုးသား ၂ ဦး အမျိုးသမီး ၂ တို့ဖြစ်ပြီး ၈ နှစ်အရွယ်ယောက်ျားလေးကတော့ သေဆုံးမှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကို လျော်ကြေးငွေပေးထားပြီး ဆင်ကို ဖမ်းဆီးလာစဉ် ဓါတ်ပုံရိုက်ကာ မစိုးရိမ်ကြဖို့ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ရဲထွက်အမျိုးသား ၁ ဦးကို စစ်ကောင်စီဘက်က ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဆင်ကိုတော့ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီက စစ်ကောင်စီက မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးပြီး ကံမမြို့နယ်၊ ကြို့ပင်ရဲစခန်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကံမနဲ့မင်းတုန်းနယ်ခြင်းထိစပ်နေတဲ့ ဒေသတွေမှာရှိတဲ့ စီရွာ၊ မှန်ရွာနဲ့ အခြားကျေးရွာတွေဟာ ရခိုင်ရိုးမအခြေမှာရှိကြပြီး ခေတ်အဆက်ဆက်က ပုဂ္ဂလိကပိုင်အဖြစ် ဆင်တွေကို မွေးမြူကြပြီး သစ်လုပ်ငန်းတွေ အသုံးပြုကြကာ ယခုလိုဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

ပုံစာ - စီရွာနှင့် မှန်ရွာအနီး ရခိုင်ရိုးအတွင်းမှ ဆင်ရိုင်းများကို ကျုံးသွင်းသွန်သင်ပေးသည့် သစ်တောဌာနရှေ့တန်းစခန်း။ (ပုံဟောင်း)

 

#မြေလတ်အသံ

#မကွေးတိုင်း #ကံမမြို့နယ် #ရခိုင်ရိုးမ #သစ်လုပ်ငန်း #ဆင် #မြေလတ်သတင်း #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10