ကံမမြို့နယ်မှာ ပေါင်ပုတ်လက်ပုတ်၊ သွေးအန်ရောဂါတွေနဲ့ နွားအကောင် ၄၀၀ ခန့် သေဆုံးခဲ့

ကံမမြို့နယ်မှာ ပေါင်ပုတ်လက်ပုတ်၊ သွေးအန်ရောဂါတွေနဲ့ နွားအကောင် ၄၀၀ ခန့် သေဆုံးခဲ့

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ ပေါင်ပုတ်လက်ပုတ်နဲ့ သွေးအန်တာတွေ ဖြစ်ပြီး အကောင် ၄၀၀ ခန့် သေဆုံးသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လဆန်းကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး လလယ်ပိုင်းမှာ အများအပြား ကူးစက်သေဆုံးခဲ့ကာ လက်ရှိ လနှောင်းပိုင်းအထိ သေဆုံးမှုက ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။


"မတ်လဆန်းကနေစတာ မတ်လလယ်မှာ အတော်ဖြစ်လိုက်တယ်။ သူက ဂရုစိုက်နိုင်မှ အဲလိုမဟုတ်ရင် ရောဂါရင့်သွားရင် ကုဖို့ခက်ရော၊ နွားက အစာစားလား စားမြုံ့ပြန်လား။ လွှတ်ထားရင်လည်း တချို့ကလိုက်ကြည့်နိုင်တယ် တချို့ကြတော့ လိုက်မကြည့်နိုင်ကြဘူးလေ၊ အဲမှာကူးလာတာပဲ။ အပူများလို့ ဖြစ်တယ်လို့ ဆိုပေမယ့် ခါတိုင်းနှစ်တွေလည်း ပူတာပဲ အဲလောက်မဖြစ်ဘူး" လို့ ရွာခံတဦးက ဆိုပါတယ်။

နွားတွေမှာ လက်နဲ့ပေါင်တွေမှာ ပုတ်တာ၊ ဆီးဝမ်းသွားတဲ့အခါမှာ သွေးပါလာတာ၊ ပါးစပ်ကပါ သွေးကျလာတာမျိုးတွေဖြစ်ပြီး လဲကျသေဆုံးတာလို့ ဆိုပါတယ်။

'အဲလိုဖြစ်ပြီး နွားကြီးတွေဆို သုံးရက်လောက်ပဲ။ နွားကလေးတွေကတော့ တရက်နဲ့တမနက်။ ရွာထဲမှာလည်း အတော်ဖြစ်သွားတယ်။ အိမ်ကလည်း တကောင်သေတာပဲ။ သေတာတွေကိုတော့ စားလို့မရဘူး။ ရောဂါကူးမှာစိုးလို့ မြေမြှုပ်ပစ်ရတယ်။" လို့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပေပင်ကျေးရွာတရွာထဲ အကောင် ၂၀၀ ခန့် သေဆုံးခဲ့ရပြီး၊ စစ်စရံကျေးရွာမှာ အကောင် ၂၀ ခန့်နဲ့ အခြား မြစ်ကမ်းဘေးရွာတွေဖြစ်တဲ့ ဝဲကြီး၊ ထောက်မ၊ ကျွဲတလင်း၊ တောင်ပို့တရာ ရွာတွေအပြင် ကုန်းတွင်းပိုင်းရွာတွေဖြစ်တဲ့ သက်ကယ်မြောင်၊ ပယ်ကျ၊ ဂဒူးပြင်၊ ကျီးပင် ရွာတွေမှာပါ ဖြစ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

"ရွာတွေမှာ တိမွေးကုတွေ သိပ်မရှိဘူး။ သင်တန်းတက်ထားတဲ့ ဆရာတယောက်တော့ ရွာ လေးရွာမှာ တယောက်ရှိတယ်။ သူလည်းမနိုင်ဘူး။ သေချာ မပြောတတ်ဘူး။ သူ့ဆရာ ပြန်မေးနေရတာ။ ဌာနဆိုင်ရာကတော့ ဘယ်နားနေမှန်းကို မသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီဒေသတွေမှာ လက်ရှိ နွားတကောင်(ခိုင်းနွား) ပေါက်ဈေး ၁၀ သိန်းခန့်ရှိနေပြီး ရခိုင်ရိုးမကိုဖြတ်ကာ ပို့နေသည့် မှောင်ခိုလမ်းကြောင်းတွေကနေလည်း အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

ပုံစာ - ကံမမြို့နယ် ကျေးရွာတရွာမှ နွားများကို မြစ်အတွင်း ရေချဖို့ ဆင်းလာစဉ် (ပုံဟောင်း)။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10