ကျဆုံးရဲဘော်တွေရဲ့ ဖြစ်ရပ်ဆိုးကို ဖော်ကျူးထားတဲ့ “မျက်ရည်များနဲ့ဒီဇင်ဘာ” ကဗျာအော်ပရာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ရဲဘော် ၁၄ ဦး သတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်ပျက်ဆိုးကို “အားမာန်သစ်” သပိတ်စစ်ကြောင်းအဖွဲ့ဝင်တွေက “မျက်ရည်များနဲ့ဒီဇင်ဘာ” ကဗျာကို သရုပ်ဖော်အော်ပရာအနေနဲ့  ပြန်လည်ဖော်ကျူးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အလုပ်မအားတဲ့ကြားက ရက်ရှည်သပိတ်တွေ ထွက်နေရတဲ့အတွက် ပင်ပန်းတာတွေလျော့ကာ တည်ငြိမ်နေတဲ့တော်လှန်ရေးစိတ်ဓာတ်တွေ ပြန်နိုးကြားလာဖို့ ရည်ရွယ်ပြီး ကဗျာအော်ပရာကပြပွဲတွေ ပြုလုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဆားလင်းကြီးမြို့ထဲမှာ စစ်ကောင်စီစစ်ကြောင်းတခုကို မိုင်းဆွဲဖို့ ပြင်ဆင်နေချိန် ချို့ယွင်းချက်ဖြစ်ပြီး ရဲဘော် ၄ ဦး ကနဦးကျဆုံးခဲ့ကာ စစ်ကြောင်းထိုးချိန်မှာတော့ နောက်ထပ် ရဲဘော် ၁ဝ ဦး အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ပြည်သူတချို့က တော်လှန်ရေးအပေါ်မှာ မေ့သယောင်ယောင်ဖြစ်နေပေမယ့် ဒီပြဇာတ်ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ဆက်တော်လှန်ရမယ်ဆိုတဲ့ စိတ်အခြေနေမျိုးနဲ့ သပိတ်မလိုက်နိုင်ရင်တောင်မှ ရရာနေရာ၊ ရရာတာဝန်ကိုထမ်းဆောင်ပြီး ဆက်တော်လှန်မယ်ဆိုတဲ့ အသိစိတ်တွေ ရှိလာမယ်လို့ ယုံကြည်တယ်”လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီအဖွဲ့ဝင် ကိုစနေက ပြောပါတယ်။

အဲ့ဒီကဗျာအော်ပရာပြဇာတ်ကို ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရတဲ့ ဒေသက ပြည်သူတွေကပဲ ပြန်လည် သရုပ်ဖော်ထားတာဖြစ်တဲ့အတွက် သရုပ်ဖော်နေရင်း စိတ်ထိခိုက်လွန်ပြီး သပိတ်အဖွဲ့ဝင် အမျိုးသမီးတဦး မေ့လဲတဲ့အထိ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #အော်ပရာ #သရုပ်ဖော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10