ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၁၁ လအတွင်း နိုင်ကျဉ်း ၂၀ ဦးသေဆုံးခဲ့

ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၁၁ လအတွင်း နိုင်ကျဉ်း ၂၀ ဦးသေဆုံးခဲ့

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတာကြောင့် အခုနှစ် ၁၁ လ အတွင်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၂၀ ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးလုံလောက်စွာ မရရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၁၈ ဦး နဲ့ အကျဉ်းသူ ၂ ဦး  စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ၁၁ လ အတွင်း အဓိကစောင့်ကြည့်ထားတဲ့ အကျဉ်းထောင် ၃၈ ထောင်ထဲမှ မကွေးထောင်၊ ကလေးထောင်၊ မန္တလေးထောင်၊ ဒိုက်ဦးထောင်၊ သရက်ထောင်၊ ပြည်ထောင်နဲ့ ကျိုက်မရောထောင် စတဲ့အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ 

“ဒီကွယ်လွန်မှုစာရင်းရဲ့ အရေအတွက်က ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ ကျန်းမာရေးကိစ္စနဲ့ ကွယ်လွန်တဲ့သူတွေရဲ့ စာရင်းဖြစ်ပါတယ်။” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။ 

အခုသေဆုံးသူစာရင်းထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို ထည့်သွင်းထားပေမယ့် လွတ်ငြိမ်းခွင့်ပေးပြီးမှ ရက်ပိုင်းအတွင်း ကွယ်လွန်သွားတဲ့ NLD အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ကိုဖေမောင်စိမ်းတို့ကိုတော့ ထည့်သွင်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ 

“နိုင်ငံခြားဆေးဝါးတွေက လုံလောက်မှု မရှိတာမျိုးတွေ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဆရာဝန်အင်အား မလုံလောက်တာနဲ့ အရေးကြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံတွေကို ထွက်ခွာဖို့၊ ပို့ဆောင်ဖို့အတွက် ကြာမြင့်တာမျိုးတွေ၊ လုံခြုံရေးအကြောင်းပြပြီးမှ ပိတ်ပင်ခံရတာမျိုးတွေ ဒါကြောင့်မို့လည်း နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးကြတာမျိုးလည်း ရှိပါတယ်။” လို့ ဦးသိုက်ထွန်းဦးက ရှင်းပြပါတယ်။ 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေမှာ အကျဉ်းသားအားလုံးကို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှာက်မှုပေးရမယ်လို့ အကျဉ်းထောင် လက်စွဲဥပဒေမှာ တရားဝင်ပြဌာန်းထားပေမယ့် အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးဝါးလိုအပ်ချက်တွေကို ICRC လို နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်စစ်ဆေးခွင့်မရတာ၊ ကူညီသင့်သလောက် မကူညီနိုင်တာတွေရှိတယ်လို့ သူက ဆိုပါတယ်။  

အရင်နှစ် ၂၀၂၃ စစ်တမ်းမှာတော့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“မိဘတွေ ပေးပို့နေတဲ့ နိုင်ငံခြားဆေးဝါးတွေ အပြည့်အဝ လက်ခံရေး၊ မိသားစုဝင်တွေ ပေးပို့လိုက်တဲ့ ဆေးဝါးတွေ အကျဉ်းသားလက်ထဲ ရောက်ရှိရေး၊ အရေးကြီး အကျဉ်းသားတွေကို ပြင်ပဆေးရုံကို အချိန်နဲ့ တပြေးညီ ပို့ဆောင်ရေး၊ ဆရာဝန်တွေ ဆေးဝါးတွေ အကျဉ်းထောင်ထဲမှာ လုံလောက်စွာ ထားရှိရေး၊ စစ်ကြောရေးနဲ့ ရဲဘက်စခန်း ကနေ ရရှိလာတဲ့ ဒဏ်ရာတွေကို အကျဉ်းထောင်အတွင်းမှာ ပျောက်ကင်းအောင် ကုသပေးရေး၊ ဒါတွေကို လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အကျဉ်းထောင်အတွင်း သေဆုံးမှုတွေ အတော်လေး လျော့ကျသွားမယ်။” လို့ ဦးသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။ 

အခုသေဆုံးခဲ့ရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေဟာ စစ်ကြောရေးက ရလာတဲ့အတွင်းဒဏ်ရာတွေကို ဆေးကုသခွင့်မရဘဲ သေဆုံးတာ၊ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေထိုးလေအောင့်၊ ဗိုက်အောင့် ရောဂါတွေနဲ့ သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေး။

သတင်း - မြတ်သော်တာ၊ စာတည်း - JCG

#မြေလတ်အသံ

#မြန်မာ #အကျဉ်းထောင် #ကျန်းမာရေး #နိုင်ကျဉ်း #PPNM 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10