သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးနဲ့ ပန်းတောင်းမြို့နယ်အတွင်းမှာ ကျပ်ဘီလီယံဆယ်နဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မတ် ၄ ရက်နဲ့ ၅ ရက်ထုတ် စစ်ကောင်စီလက်အောက် မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ၂၈ ရက်က ပန်းတောင်းမြို့နယ်၊ ဘူးဘက်ရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရာက SOJEN နဲ့ Probox ယာဉ်တွေမှာ စက္ကူပုံး ၆ ပုံးနဲ့ တင်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၀ ဒသမ ၂ သိန်း (ကာလတန်ဖိုးကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့်) ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စိတ်ကြွဆေးပြားတွေကို ကားနဲ့မောင်းနှင်သယ်ဆောင်လာတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသား ၁ ဦး ကိုဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေနဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်သူနောက်ထပ်အမျိုးသား ၂ ဦးကို ပြည်မြို့၊ ရွာဘဲရပ်ကွက်မှာ ထပ်မံဖမ်းမိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ကတင်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေဖြစ်ပြီး ပန်းတောင်းမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်ဖို့ သယ်ဆောင်လာစဉ် ဖမ်းမိခဲ့တာလို့ စစ်ကောင်စီကသတင်းဖော်ပြပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးရွာအနီး အမြန်လမ်းမိုင်တိုင် ၃၉/၄ ယာဉ်ရပ်နားဝန်းအတွင်းရပ်တန့်ထားတဲ့ Alphard ယာဥ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၄၀ နဲ့ အမျိုးသား ၁ ဦးဖမ်းမိခဲ့ပြီး ဖမ်းမိသူကိုစစ်ဆေးချက်အရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ကုန်စည်ကားဝန်းအတွင်းက နောက်ထပ် အိုက်စ် ကီလို ၂၆၀ နဲ့ ဘိန်းဖြူဘလောက်တုံး ၁၆၈ ကီလို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ပဲခူးနဲ့ မရမ်းကုန်းမြို့နယ် နေရာ ၂ ခုကနေ စုစုပေါင်း အိုက်စ် ကီလို ၇၀၀ နဲ့ ဘိန်းဖြူဘလောက်တုံး ၁၆၈ ကီလိုကို ဖမ်းမိခဲ့ပြီး အဲ့ဒီမူးယစ်ဆေးတွေရဲ့ ကာလတန်ဖိုးဟာ ကျပ် ၂၅ ဒသမ ၅၈ ဘီလီယံ တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အဆိုပါမူးယစ်ဆေးတွေနဲ့ဆက်စပ်သူ အမျိုးသား ၁၁ ဦးနဲ့ မူးယစ်ဆေးတွေတင်ဆောင်လာတဲ့ ယာဉ်မျိုးစုံ ၅ စီးကို ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေက မြို့နယ် ၇ ခုကနေ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ဟိုင်းမြို့မှ တင်ဆောင်လာတာ ဖြစ်ပြီး ရန်ကုန်နဲ့ ပဲခူးမြို့နယ်တွေကတဆင့် မြဝတီမြို့ကို ပို့ဆောင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - စစ်ကောင်စီ။
#မြေလတ်အသံ
#မူးယစ်ဆေး #ဖမ်းဆီး #စစ်ကောင်စီ
Share Share Share