ကျပ် ၂၀,၀၀၀ တန်ထုတ်မယ့်သတင်းကြောင့် ရွှေဈေးခုန်တက်၊ ရွှေဆိုင်တွေအရောင်းကန့်သတ်

ကျပ် ၂၀,၀၀၀ တန်ထုတ်မယ့်သတင်းကြောင့် ရွှေဈေးခုန်တက်၊ ရွှေဆိုင်တွေအရောင်းကန့်သတ်

စစ်ကောင်စီက ကျပ်ငွေ ၂၀,၀၀၀ တန်ထုတ်ဝေမယ့်သတင်းကြေညာအပြီး မန္တလေးမြို့က ရွှေဆိုင်တချို့ အရောင်းပိတ်ထားသလို ပြင်ပရွှေပေါက်စျေး ၃၅၀၀,၀၀၀ သိန်းဝန်းကျင်အထိ ပေါက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ တတိယပတ်ထဲမှာ ရွှေဈေးမြင့်တက်နေတာကြောင့် ရွှေဈေးကိုထိန်းချုပ်လိုတဲ့အနေနဲ့ စစ်ကောင်စီက မန္တလေးမြို့ပေါ်က နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။ 

"ဆိုင်တံခါးတွေပိတ်ထားတယ်။ ဘယ်လောက်ဖိုးဝယ်မှာလဲလို့ အရင်မေးတယ်။ အလျော့တွက်မပါတဲ့ အခေါက် ရွှေရောင်းမပေးဘူး။ လူတယောက်ကို အများဆုံးငါးမူးသားပဲရောင်းပေးတယ်"လို့ လက်ရှိ မြို့တွင်းက ရွှေဆိုင်တခုကိုရောက်နေတဲ့သူတဦးက ပြောပါတယ်။

ဒီနေ့(ဇူလိုင်၂၃)ရက် ရက်စွဲနဲ့ စစ်တပ်က ငွေစက္ကူ ၂၀,၀၀၀ တန်တွေကို ထုတ်ဝေမယ့်အကြောင်းကြေညာထားပြီး ဇူလိုင် ၃၁ရက်မှာ စတင်ထုတ်ဝေသွားမယ်လို့ ကြေညာထားပါတယ်။

ဒီကြေညာချက်ထွက်လာအပြီးမှာ ရွှေဆိုင်တွေက ရွှေအရောင်းကို ကန့်သတ်ထားပြီး အဝယ်ကိုပဲ အကန့်အသတ် မရှိ ဝယ်ယူနေကြတာပါ။ နာမည်ကြီးရွှေဆိုင်တချို့ကတော့ အရောင်းကို လုံးဝပိတ်ထားတယ်လို့လည်း သိရပါ တယ်။

"အခုထိ စျေးကွက်က ပွင့်မလာသေးဘူး။ ပွင့်မလာဘူးဆိုတာက ရွှေလုပ်ငန်းရှင်များ အသင်းက ချလာပေး တဲ့သတ်မှတ် သိန်းနှစ်ဆယ်ကျော်ဆိုတဲ့စျေးရှိတယ်။ ပုံမှန်တောင် ၃၃ သိန်းကျော် ပေါက်နေတာ။ ဘယ်လိုလုပ် အဲဒီစျေးနဲ့အရောင်းအဝယ်လုပ်လို့ ရမလဲ။ အခုက ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အဲတာကိုမှ အခုက ကုန်သည် ရော၊ ပြည်သူရောက အဝယ်ပဲရှိတယ်။ အရောင်းက မရှိဘူး" လို့ ပြင်ပရွှေရောင်းဝယ်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်က ငွေကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမယ်လို့ ကြေညာပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ရွှေဆိုင်တွေအပြင် တခြားကုန်စုံဆိုင်တချို့ပါ ပိတ်သိမ်းပြီး အရောင်းအဝယ်တွေ ရပ်ထားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

လက်ရှိမှာတော့ ရွှေဆိုင်တွေမှာ သွားရောက်ဝယ်ယူနေသူများပြီးသလို အိမ်ခြံမြေစျေးကွက်လည်းလှုပ်ခတ်နေ တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #စစ်ကောင်စီ #ရွှေဈေး #ကျပ်၂၀၀၀၀တန် #စစ်ကောင်စီ #ရွှေဆိုင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10